တောင်ကြီး စက်တင်ဘာ ၁၈
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက အားကစားပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲအသင်းသားများအား လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ခုနှစ် ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက အားကစားနည်း လေးမျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်ရိုက်၊ ဘတ်စကက်ဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပပြီး မျိုးဆက်သစ်အားကစားသမား များရွေးချယ်၍ အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ကလောခရိုင်နှင့် လွိုင်လင်ခရိုင်တို့ ယှဉ်ပြိုင်ကစားကြရာ လွိုင်လင်ခရိုင်က လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စုရှိ ညိုမီးကွင်းတွင် ဘောလုံးအကယ်ဒမီဆောက်လုပ်ရန်အတွက် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


