ရန်ကုန်      စက်တင်ဘာ     ၄

သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့်   ၂၀၂၅  အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းကို စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ ကစားသမားငါးဦးအထိ ရွေးချယ်ခံရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ၏ အကောင်းဆုံးအသင်းနှင့် အတက်ကြွဆုံးကစား သမားဆုကို  ပရိသတ်များ၏ ဆန္ဒမဲဖြင့်  ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးအသင်း ၁၁ ဦးတွင် မြန်မာအသင်းက ငါးဦးဖြင့် အများဆုံးရွေးချယ်ခံရခြင်းဖြစ်သည်။ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတွင်   မြန်မာအသင်းမှ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊  ကွင်းလယ်ကစားသမား ဖြူဖြူဝင်း၊ နောက်ခံလူ ဇွန်ယုယဦးနှင့် မေသက်မွန်မြင့်၊ ဂိုးသမား   မျိုးမြမြငြိမ်းတို့ ပါဝင်လာပြီး ချန်ပီယံ သြစတြေးလျအသင်းမှ သုံးဦး၊ ဖိလစ်ပိုင်အသင်းမှ နှစ်ဦး၊ ဗီယက်နမ်အသင်းမှ တစ်ဦး ရွေးချယ်ခံရသည်။ အကောင်းဆုံးအသင်းတွင် ဂိုးသမား    မျိုးမြမြငြိမ်း (မြန်မာ)၊ နောက်တန်း -  မေသက်မွန်မြင့်၊ ဇွန်ယုယဦး(မြန်မာ)၊ ဟာလီလောင်(ဖိလစ်ပိုင်)၊ ဆာရှာဂရော့(သြစတြေးလျ)၊ အလယ်တန်း-ဖြူဖြူဝင်း (မြန်မာ)၊ တိုလန်တင်(ဖိလစ်ပိုင်)၊ ငုယင်သီဘီသွေ  (ဗီယက်နမ်)၊  မက်ကင်နာ (သြစတြေးလျ)၊  ရှေ့တန်း-ဝင်းသိင်္ဂီထွန်း (မြန်မာ)နှင့်  ဟိုလီဖာဖီ (သြစတြေးလျ)  တို့ ပါဝင်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ပြိုင်ပွဲတစ်လျှောက် အတက်ကြွဆုံး ကစားသမားဆု (Most Dynamic Player of the Tournament) ရရှိခဲ့သည်။ ထို့ပြင်  ဝင်းသိင်္ဂီထွန်း သည်    သွင်းဂိုး ခုနစ်ဂိုးဖြင့်    ပြိုင်ပွဲ၏    ဂိုးသွင်းအများဆုံးဆု ရရှိခဲ့သလို   ဂိုးသမား   မျိုးမြမြငြိမ်းမှာလည်း ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမားဆုရရှိခဲ့သည်။  ယင်းပြိုင်ပွဲတွင် မြန်မာအသင်းက ဒုတိယဆုရရှိခဲ့ပြီး သြစတြေးလျအသင်းက ချန်ပီယံဆု၊ အိမ်ရှင်ဗီယက်နမ်အသင်းက တတိယဆု ရရှိခဲ့သည်။                    

သတင်း-ကိုညီလေး

ဓာတ်ပုံ-AFF