ရန်ကုန်   ဩဂုတ်   ၂၈   

2025    Esports    World   Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်း  အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ  အားကစားနှင့်    ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုချီးမြှင့်ပွဲသို့   မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ    တွဲဖက်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ    မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဂုဏ်ပြုသည့်  Yangon Galacticos Esports အားကစားအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆော်ဒီအာရေဗျနိုင်ငံ ရီးယာဒ့်မြို့၌  ဇူလိုင်  ၂၅  ရက်မှ ဩဂုတ်  ၃ ရက်အထိ ကမ္ဘာ့အဆင့်  Esports World   Cup   ပြိုင်ပွဲ၏   PUBG Mobile ကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုကို  ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ Esports အားကစားအဖွဲ့ချုပ်သည် သက်တမ်းအားဖြင့် နုနယ်လှသော်လည်း Esports အားကစား   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ချုပ်၏ အစီအစဉ်ဖြင့်   စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ Esports   အားကစားနည်းဖြင့် ၂၀၂၃ ခုနှစ်မှ  ၂၀၂၅  ခုနှစ်အထိ    မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် အောင်မြင်မှုဆုတံဆိပ်များ  ရယူပေးနိုင်ခဲ့ပြီး   ဆုကြေးငွေများကို ချီးမြှင့်ခံခဲ့ရကြောင်း၊   ယခုကဲ့သို့ အောင်မြင်မှုအရှိန်အဟုန်ကို  ဆက်လက်ထိန်းသိမ်းနိုင်ရေး Sustainable Development အတွက်   မြန်မာပြည်တစ်ဝန်းမှ Esports ဝါသနာရှင် ရွက်ပုန်းသီး အားကစားသမားများကိုဖော်ထုတ်နိုင်ရန်  မိမိတို့  တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ    ဆောင်ရွက်နိုင်ရန်လည်း   တိုက်တွန်းပြောကြားလို ကြောင်း၊ ယခုကဲ့သို့   အောင်မြင်မှုသည် လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည့်  (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲတွင်လည်း  Esports အဖွဲ့ ချုပ်၏ စီမံဆောင်ရွက်နိုင်မှု၊ Esports  လက်ရွေးစင်အားကစား သမားများ၏ ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်မှုများ၏    အကျိုးရလဒ်အနေဖြင့်    မြန်မာနိုင်ငံတော်အလံကို နိုင်ငံတော်သီချင်းနှင့်အတူ  ထိုင်းနိုင်ငံ၌  အလံတိုင်ထိပ်အရောက် လွှင့်ထူနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍  မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ဆော်ဒီအာရေဗျနိုင်ငံ ရီးယာဒ့်မြို့တွင်   ကျင်းပပြုလုပ်ခဲ့သည့်   2025   Esports World Cup   ပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ၊ ပြိုင်ပွဲအတွေ့အကြုံများကို  ရှင်းလင်းတင်ပြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီးက 2025  Esports World Cup    ပြိုင်ပွဲတွင်  ဆုရရှိခဲ့သော အားကစားအဖွဲ့အား  ဂုဏ်ပြုဆုငွေကျပ်  သိန်း ၄၀၀ နှင့် အုပ်ချုပ်/ နည်းပြများအား ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၂၀၀ တို့ကိုချီးမြှင့်ပြီးရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြု ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်သည်။

ဆက်လက်၍ KBZ Group မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၈၀၀၀ အပါအဝင် အလှူရှင်များက အားကစားအဖွဲ့အား  ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်ချီးမြှင့်ခဲ့ကြပြီး   အလှူရှင်များ၏   ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း  ၁၃၁၀၀  ကို  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး Jeng Phang  နော်တောင်က ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့်  မြန်မာအားကစားအဖွဲ့အား    ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက  2025  Esports World Cup ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်ပြီး ဆုရအားကစား အဖွဲ့ကိုယ်စား မြန်မာနိုင်ငံ  အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

Yangon Galacticos Esports အားကစားအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြုပြီး  ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ    ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်၍ မြန်မာ့အားကစားသမိုင်းတွင် အားကစားနည်းမျိုးစုံအနက် ပထမဆုံးနှင့် ကမ္ဘာ့ အဆင့် ရွှေတံဆိပ်ရရှိခဲ့သည့်တစ်ခုတည်းသော အားကစားနည်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ကြောင်း၊ ထိုကဲ့သို့ ကမ္ဘာ့အဆင့်တွင်ရင်ပေါင်တန်းယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အပြင် မျိုးဆက်သစ်မြန်မာလူငယ်များအတွက် စိတ်ခွန်အားတက်ကြွမှုဖြစ်ပေါ်စေသဖြင့်    ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ရွှေတံဆိပ်ဆုရ Esports အားကစားသမားများ အားလုံးနှင့် မြန်မာနိုင်ငံ  Esports  အဖွဲ့ချုပ် Founder   နှင့်  ဂုဏ်ထူးဆောင် နာယကများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လည်းကောင်း၊ Esports အဖွဲ့ချုပ်အတွက် နှစ်စဉ်ငွေကျပ်သန်းပေါင်း ၄၀၀၀ ကျော် ထောက်ပံ့လှူဒါန်းခဲ့သော KBZ  Bank  နှင့် KBZ Group နာယကကြီး ဦးအောင်ကိုဝင်းအား လည်းကောင်းဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်