(၁၁.၉.၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို ဆန်းစစ်ဖော်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ--
၂-၉-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ၃-၉-၂၀၂၅ ရက်နေ့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ ၄-၉-၂၀၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့် ရှိခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်-
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်(ရေးမြို့) တို့တွင် (၉)ရက်မှ (၁၀)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်မြို့)၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၇)ရက်မှ (၈)ရက်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း (သာယာဝတီမြို့)၊ ကချင်ပြည်နယ်(ပူတာအိုမြို့)၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် (၅)ရက်မှ (၆)ရက်၊ မကွေးတိုင်းဒေသကြီး (မင်းဘူးမြို့၊ အောင်လံမြို့)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း(ကလေးဝမြို့)၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း(စစ်ကိုင်းမြို့)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၃)ရက်မှ (၄)ရက်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါသည်။
အမြင့်ဆုံးအပူချိန်အခြေအနေ--
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- ရှမ်းပြည်နယ်တောင်ပိုင်းတွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၅) ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ--
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ− ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၄)ဒီဂရီဖာရင်ဟိုက်စီ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ကာ၊ ကချင်ပြည်နယ်တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်အောက် (၁၀)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၁)ဒီဂရီ ဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ--
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၉%)မှ (၈၆%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၈၇%)မှ (၉၃%) အတွင်း အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ( ၁၉ မီလီမီတာ)မှ (၂၉ မီလီမီတာ) အတွင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၃၀ မီလီမီတာ)မှ (၄၀ မီလီမီတာ)အတွင်းနှင့်ကချင်ပြည်နယ်တွင် (၄၅ မီလီမီတာ) အသီးသီးရှိခဲ့ပါသည်။
(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ--
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု)အခြေအနေများမှာ- မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် (ခြောက်သွေ့)အခြေအနေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (စိုစွတ်) အခြေအနေနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်(ပြည့်ဝ)အခြေအနေ အသီးသီးရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ-
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးအခြေအနေ--
မိုးရွာသွန်းမှုအခြေအနေမှာ- စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးရွာရက်--
မိုးရွာရက်အနေဖြင့်- ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၇ ရက်မှ ၁၀ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
Crd> မိုး/ဇလ


