ပေကျင်း ဩဂုတ် ၁၆
၂၀၂၅ ခုနှစ် ကမ္ဘာ့လူသားစက်ရုပ် အားကစားပြိုင်ပွဲကို မြို့တော်ပေကျင်းရှိ အမျိုးသားစကိတ်ကွင်း၌ ဩဂုတ် ၁၄ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် လူသား စက်ရုပ်များ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သော စွမ်းရည်များကို တွေ့မြင်ရမည်ဖြစ်သည်။
အားကစားပြိုင်ပွဲတွင် အမေ ရိကန်၊ ဂျာမနီနှင့် အီတလီအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အသင်းပေါင်း ၂၈၀ ယှဉ်ပြိုင်မည်ဖြစ်သည်။ အားကစားပြိုင်ပွဲကို ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။
ပြိုင်ပွဲဝင် စက်ရုပ်များသည် အပြေး၊ အလျားခုန်၊ ကိုယ်ကာယ လေ့ကျင့်ခန်းများနှင့် ဘောလုံး ကဲ့သို့သော အားကစားပြိုင်ပွဲများ၊ ပစ္စည်းများရွှေ့ပြောင်းခြင်း၊ ဆေးဝါးများခွဲခြားခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း စသည့်ကျွမ်းကျင်မှု အခြေခံအလုပ်များတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လူသားစက်ရုပ်များ၏ နောက်ဆုံးပေါ်တိုးတက်မှုများနှင့် လုပ်နိုင်စွမ်းရည်များကို ထူးကဲစွာ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း ပေကျင်းမြူနီစီပယ်စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာ ဗျူရိုမှ လီယီချွမ်က ပြောကြားသည်။
ထို့ပြင် လူသား စက်ရုပ်များကို စက်ရုံများ၊ ဆေးရုံများ၊ နေအိမ်များနှင့် အခြားအခြေအနေများတွင် လက်တွေ့အသုံးချနိုင်ရန် မျှော်လင့်ပါကြောင်းနှင့် အနာဂတ်တွင် အကြီးစားထုတ်လုပ်မှုကို ရရှိရန် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပါကြောင်း ပေကျင်းမြူနီစီပယ်အစိုးရ၏ အတိုင်ပင်ခံရုံးမှ လီရှီကျန်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


