နေပြည်တော် ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ထို့အတူ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဒူးမား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာနကိုယ်စားလှယ်အဖွဲ့၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ-ဂျပန်အသင်း(MJA) ကိုယ်စား လှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ အလုပ်သဘော ခရီးသွားရောက်ခဲ့ရာတွင် နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံခေါင်းဆောင်များထံမှ မိမိတို့ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ခံအားပေးမှုများရရှိခဲ့သလို နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ပါကြောင်း။
အဆွေတော်တို့ လာရောက်လေ့လာမှုသည် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု နှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် နေမှုအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်ပါကြောင်း၊ ယခု ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ကိုအသုံးချပြီး နိုင်ငံ၏ အနာဂတ် လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်မည့် အချိန်အခါလည်း ဖြစ်ပါကြောင်း။
ဧည့်သည်တော်များကို ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိကအချက်သုံးချက်ကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြု ပြဋ္ဌာန်းပြီးသည့်နောက် အထွေထွေရွေးကောက်ပွဲ သုံးကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲများတွင် လွှတ်တော် သုံးရပ်လုံးကို နိုင်သူအကုန်ယူစနစ် (First Past the Post - FPTP System) ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ FPTP စနစ်ကို အသုံးပြုမည် ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တို့တွင် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (Mixed Member Proportional System - MMP) ကို ကျင့်သုံးမည်ဖြစ်ပါ ကြောင်း၊ MMP စနစ်ဆိုသည်မှာ မတူညီသည့်ရွေးကောက်ပွဲစနစ်များဖြစ်သည့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါကြောင်း၊ FPTP စနစ်တစ်ခုတည်း ကျင့်သုံးပါက ကိုယ်စားလှယ်နေရာအများစုကို မဲအများဆုံးရသည့်ပါတီကြီးများက ရရှိမည်ဖြစ်ပြီး PR စနစ်နှင့် ပေါင်းစပ်ကျင့်သုံးသည့်အတွက် ပါတီငယ်များလည်း ကိုယ်စားလှယ်အထိုက်အလျောက်ရပြီး လွှတ်တော်ထဲကို ရောက်ရှိမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် FPTP စနစ်၏ အားသာချက်များနှင့် PR စနစ်၏ ကောင်းကျိုးများကို ရရှိမည်ဖြစ်ပါကြောင်း။
ဒုတိယအချက်မှာ မဲပေးရမည့်ပုံစံ ဖြစ်ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများမှ လွဲ၍ မဲရုံများတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် ( Myanmar Electronic Voting Machine – MEVM) စက်များကို အသုံးပြုမဲပေးရမည်ဖြစ်ပါကြောင်း၊ MEVM စက်များကို နိုင်ငံတကာတွင် အသုံးပြုနေကြသည့် မဲပေးစက်များကိုလေ့လာပြီး မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံး ဖြစ်အောင် မြန်မာ ပညာရှင်များက တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ MEVM စက်များကို အသုံးပြုခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ပယ်မဲမရှိခြင်း၊ မဲရလဒ်များကို လျင်မြန်စွာ ထုတ်ပြန်နိုင်ခြင်း စသည့်အကျိုးရလဒ်ကောင်းများအပြင် မဲမသမာမှုများဖြစ်နိုင်မည် မဟုတ်ပါကြောင်း၊ မဲပေးစက်တွင် ပြင်ပနှင့်ချိတ်ဆက်နိုင်သည့် USB Port များ မပါဝင်ခြင်း၊ Wi-Fi ၊ Bluetooth စနစ်နှင့် Internet ကွန်ရက်စနစ်များ မပါဝင်သဖြင့် လုံခြုံစိတ်ချရမှုရှိပါကြောင်း။
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးနှင့် အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ (Braille) ကိုအခြေခံသည့် MEVM စက်ကို တီထွင် ပြုလုပ်ထားပါကြောင်း၊ အမြင်အာရုံမသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင် ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသားစံချိန်စံညွှန်း ကောင်စီကလည်း အသိအမှတ် ပြုထားပြီးဖြစ်ပါကြောင်း။
တတိယအချက်အနေဖြင့် အပိုင်းလိုက် ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့ရက်ကို တစ်နိုင်ငံလုံး အနေဖြင့် ရုံးပိတ်ရက် တစ်ရက်တည်း သတ်မှတ်ကျင်းပခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အပိုင်း သုံးပိုင်းခွဲ ကျင်းပ ခြင်းဖြစ်ပါကြောင်း၊ အပိုင်း ( ၁ ) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပမည်ဖြစ်ပါကြောင်း။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း ဆောင်ရွက်ရာတွင် ကွန်ပျူတာနည်းပညာကို အသုံးပြုပြီး ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Central Voter List Management System – CVLMS) နှင့် မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Admin and DEO Software) တို့ကို ပြည်တွင်းနည်းပညာရှင်များက ရေးဆွဲ၍ မဲစာရင်းထပ်ခြင်း၊ မှားယွင်းခြင်း မရှိစေရန် စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းများကိုလည်း သုံးကြိမ်တိတိ ကပ်ထားကြေညာခဲ့ပါကြောင်း၊ ပြည်သူအားလုံးပါဝင်မှု ရှိစေရန်အတွက် ပထမဆုံးအကြိမ် မဲပေးမည့် မဲဆန္ဒရှင်လူငယ်များ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် မသန်စွမ်းသူများ အားလုံးပါဝင်စေရန် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များရှိပါကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်း မြင်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေး ဆောင်ရွက်ပေးထားပါကြောင်း၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ လုံခြုံမှုရှိစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းစေရန် လုံခြုံရေးတာဝန်ယူထားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်၍ ထိရောက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်သူများ လုံခြုံမှုရှိစေရန် ဆောင်ရွက် ပေးထားပါကြောင်း။
ကော်မရှင်အနေဖြင့် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းပြီး အပြည့်အဝ ဆောင်ရွက်ထားပါကြောင်း၊ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စောင့်ကြည့်လေ့လာပေးရန်နှင့် တက်ရောက်လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထောက်ခံအားပေးမှုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက တက်ရောက်လာကြ သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံကို လက်တွေ့ရှင်းလင်း ပြသကြသည်။
ညနေပိုင်းတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲများသည် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဏိရတနာကျောက်စိမ်းခန်းမတို့ကို သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


