နေပြည်တော် ဒီဇင်ဘာ ၂၈
“အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနေမှုကို နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက နေပြည်တော် ကောင်စီနယ်မြေရှိ မဲရုံများသို့သွားရောက်၍ မဲရုံမှူးများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ကြသည်။
စောင့်ကြည့်လေ့လာ
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲများဖြစ်ပေါ်စေရန် ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အားပေးထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း ၁၆၂ ဦးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်းလိုက် အောင်မြင်စွာကျင်းပနေမှုများကို ပါဝင်စောင့်ကြည့် လေ့လာကြမည်ဖြစ်သည်။
ယနေ့တွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗဟို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနမှ Ms. Chen Xuanbo ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr.Alexei Bashan ၊ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့်အတူ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် အထက(၁၄)ရှိ မဲရုံအမှတ်(၁)၊ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရှိ မဲရုံအမှတ်(၂)၊ ပုဗ္ဗသီရိ မြို့နယ် ဇဝနဒီပရပ်ကွက် အထက (၁၃)ရှိ မဲရုံအမှတ်(၁)၊ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက် အထက (၂၀)ရှိ မဲရုံအမှတ်(၁)၊ ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် အမက(၁၄၀)ရှိ မဲရုံအမှတ်(၃)နှင့် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် အထက(၃)ရှိ မဲရုံအမှတ် (၄)တို့၌ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ ကိုယ်စား လှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒပြုမဲပေးရွေးချယ်နေမှု၊ နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာစံနှုန်းများ၊ အလေ့အကျင့်ကောင်းများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှုကို လေ့လာစောင့်ကြည့်ကြပြီး မဲဆန္ဒရှင်များနှင့် မဲရုံမှူးများကိုတွေ့ဆုံ၍ ၎င်းတို့သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
လေ့လာစောင့်ကြည့်
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်း ဦးဆောင်၍ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. YICH Samethy၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံတကာဆက်ဆံရေး အကြီးအကဲ Mr. Nguyen Duc Thinh ၊ နီကာရာဂွါနိုင်ငံမှ Mr. Mario jose Armengol Campos ၊ အိန္ဒိယ နိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များနှင့် မြန်မာ - ဂျပန်အသင်း (MJA) ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်သည့် နိုင်ငံတကာရွေးကောက် ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် နေပြည်တော်ကောင်စီနယ်မြေရှိ မဲရုံများသို့သွားရောက်၍ မဲရုံမှူး များ၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များအား တွေ့ဆုံကာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးလေ့လာစောင့်ကြည့်မှုများ ပြုလုပ်ကြသည်။
ယခု ကျင်းပလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၄ ဒသမ ၂၆ သန်းကျော်ရှိပြီး မဲဆန္ဒနယ် ၆၉၂ နယ်၌ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ယှဉ်ပြိုင်မည့် ပါတီ ခြောက်ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ် တစ်ခုအတွင်းတွင် ယှဉ်ပြိုင်မည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ မှ ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


