နေပြည်တော် ဇူလိုင် ၁၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက် ရှိသည်။
ယနေ့ မွန်းလွဲ ၃ နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းများတွင် အသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့် ပရိသတ်များက တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးကြသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ချင်းပြည်နယ်အသင်းနှင့် ကယားပြည်နယ် အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ မွန်ပြည်နယ် အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည် ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေး နိုင်ပါကြောင်းနှင့် ဇူလိုင် ၂၁ ရက်မှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လု ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်


