ရန်ကုန်   အောက်တိုဘာ   ၂

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ  တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး   ဒုတိယဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားသည်။            

ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို   ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဒုတိယဝန်ကြီးတို့က ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ပြိုင်ပွဲကို ဘိလိယက်ထိုး၍ ဖွင့်လှစ်ပေးကာ  ယနေ့ယှဉ်ပြိုင်သည့် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲနှင့် စနူကာ 15-Red တစ်ဦးချင်းပြိုင်ပွဲများကို  ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင်လှေလှော်အားကစားသမားများ လေ့ကျင့်နေမှုကို    ကြည့်ရှုစစ်ဆေးကာ အားကစားသမားများ စံချိန်၊ စံညွှန်းများ ပိုမိုကောင်းမွန်အောင် လေ့ကျင့်ကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အချိန်ပေးကြိုးစားထားသည်နှင့် ညီမျှသည့် အောင်မြင်မှုများကို  ရရှိအောင် ကြိုးစားကြရန် မှာကြားသည်။ 

ဆက်လက်၍ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ ဝူရှူးအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီး စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ထောက်လု/ ဆန်းဆို အားကစားနည်းများမှ   ပဏာမလက်ရွေးစင်   ဝူရှူးအားကစားသမားများ လေ့ကျင့်နေမှု၊ ခြင်းလုံးအားကစားရုံ၌ ပဏာမလက်ရွေးစင်ခြင်းလုံး  အားကစားသမားများ  လေ့ကျင့်နေမှုများကို   ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိပြီး စခန်းဝင်လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများ၏ တစ်နေ့တာ    လေ့ကျင့်သည့် လေ့ကျင့်ချိန်အရေအတွက်၊ လေ့ကျင့်မှုပုံစံ၊ လေ့ကျင့်သည့် စံချိန်၊ စံနှုန်းရရှိသည့် အနေအထားတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်