ရန်ကုန်  အောက်တိုဘာ  ၂၁

တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့နှင့်     မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့    ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်    တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက်      အမျိုးသမီးဘောလုံးပြိုင်ပွဲ  ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံအားကစားကွင်း၊ သီဟဒီပအားကစားကွင်းနှင့် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန    ဒုတိယဝန်ကြီး    ဦးထိန်လင်း၊   ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီမှ  တာဝန်ရှိသူများနှင့်   အားကစားဝါသနာရှင်များ     တက်ရောက်ကြည့်ရှုအားပေးကြသည်။

ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များအဖြစ်  ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တောင်ဒဂုံအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ခြောက်ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း၊ သန်လျင်မြို့နယ် သီဟ ဒီပအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့်   မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မွန်ပြည်နယ်အသင်းက သုံးဂိုး - ဂိုးမရှိဖြင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ  (စက်ဘီးကွင်း)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ   ရန်ကုန်တိုင်းဒေသကြီးအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် အောက်တိုဘာ  ၂၃ ရက်  မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်  ပဒုမ္မာကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)၌ မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                     

သတင်းစဉ်