ရန်ကုန် စက်တင်ဘာ ၁
မြန်မာ့ခြင်းလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့ အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း ရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲ တမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နာယကနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး ဒုတိယဝန်ကြီးက အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နာယကနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့နယ် အားကစားရုံနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကွင်းအတွင်းရေများ ဝင်ရောက်နေမှုကို ဒေသအာဏာပိုင်များနှင့် တင်ပြစီမံ၍ စည်ပင်ရေနုတ်မြောင်းအတွင်းသို့ စီးဝင်နိုင်စေရန် ကိစ္စရပ်များ၊ ဘောလုံးကွင်းမြေသားပြုပြင်မှုကို မကြာမီကျင်းပမည့် ပြိုင်ပွဲမတိုင်မီ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ အားကစားရုံအတွင်း ဘတ်စကက်ဘော အားကစားကွင်းအား အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်နိုင် ရေးကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


