ရန်ကုန် ဩဂုတ် ၁၃
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများ၏ “ပညာ ရည်ချွန် လူရည်မွန်” သီချင်းဖြင့် အခမ်းအနား စတင် ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူစာရင်းဝင် သိပ္ပံတွဲ ခြောက်ဦး၊ ဝိပ္ပံတွဲ နှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်အများဆုံး သိပ္ပံတွဲလေးဦး၊ ဝိပ္ပံတွဲသုံးဦးနှင့် ဝိဇ္ဇာတွဲ သုံးဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်၂ဝ၂၅ ခုနှစ်တက္ကသိုလ်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက် အကောင်းဆုံးမြို့နယ်များ၊ အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲ များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်သူ များအနက် ခြောက်ဘာသာဂုဏ်ထူးရှင် ၅၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၅၃ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် လေးဘာသာဂုဏ်ထူးရှင် ၃၂၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၀၀၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၉၆၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၅၇၇ ဦးတို့အား ခရိုင်အလိုက် ပြန်လည်ချီးမြှင့်ရန် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရိုင်ပညာရေးမှူးများထံ ဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက “ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)


