မန္တလေး ဇူလိုင် ၂၇
၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ် ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း အပြီးထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သော ကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျ ကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကျွန်တော်တို့ကျောင်းအနေနဲ့ ဒီနှစ်အောင်ချက်က မနှစ်ကထက် ကောင်းမွန်ပါတယ်။ မန္တလေးမြို့မှာ သဘာဝဘေး အန္တရာယ်နဲ့ကြုံတွေ့ပြီး ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတော့ ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာနဲ့ လေးဘာသာဂုဏ်ထူးတွေလည်း ထွက်ရှိပါတယ်။ ဒီနှစ်ကတော့ ကျန်တဲ့နှစ်တွေထက်ကို နှစ်ဆလောက် ပိုပြီးဂုဏ်ယူရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ Grade - 12 ကျောင်းသား ၁၁၂ ယောက် ရှိပါတယ်။ ဒီ ၁၁၂ ယောက်မှာ ၅၇ ရာခိုင်နှုန်း အောင်ပါတယ်။ စာမေးပွဲကို ပျက်ကွက်မရှိ ပြန်လည်ဖြေဆိုကြပြီး ဒီလိုရာခိုင်နှုန်းရရှိတဲ့အတွက် အင်မတန်ကျေနပ်ပါ တယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စသည်ဖြင့် ဘယ်ကျောင်းကပဲ အောင်မြင်ပါစေ အရေးကြီးတာက နိုင်ငံတော်ကို အကျိုးပြုမယ့် ကျောင်းသား ကျောင်းသူတွေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကတော့ အားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်တယ်လို့ ပြောကြား လိုပါတယ်”ဟု ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးချမ်း ပြည့်က “သမီးအနေနဲ့ ဒီလိုဂုဏ်ထူးတွေရရှိအောင် ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပုံမှန် လေ့လာကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေ ကို သေချာလေ့လာမှတ်သားခဲ့ပါတယ်။ ဒီလို ကြိုးစားခဲ့တဲ့အပေါ်မှာ အခုလို အကျိုးရလဒ်ရတဲ့အတွက် ကျေနပ်မိပါတယ်။ သမီးအနေနဲ့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပြည်သူတွေကို ဆေးကုသပေး မှာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကျောင်းသင်ခန်းစာတွေကို အားထုတ်ကြိုးစား လေ့လာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရည်မှန်း ချက်ကို ရောက်ရှိမှာဖြစ်ပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာဂုဏ်ထူး ရှင် ၅၄၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၉၉၃ ဦး ထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် ဆဋ္ဌမအဆင့်ရရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မောင်ဟိန်းမင်းကို က “ကျွန်တော့်အနေနဲ့ ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် ကျက်မှတ်ပါ တယ်။ ဆရာ ဆရာမတွေ သင်ကြားတဲ့အချိန်မှာလည်း သေချာဂရုစိုက် နားထောင်ခဲ့ပါတယ်။ သဘာဝဘေး အန္တရာယ်ကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတဲ့ အခါမှာလည်း အကောင်းဆုံး ကြိုးစားဖြေဆိုခဲ့ပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်ကတည်းက ခွဲစိတ်ဆရာဝန် တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့် ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစား သွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ပြောသည်။
ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနန်းရတီထွန်းက “ကျောင်းစဖွင့်ကတည်းက CAE ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုအောက်မှာ သေချာလေ့လာ မှတ်သားခဲ့ပါတယ်။ ဒါကြောင့် အခုလိုအောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေဆို တုန်းက အခက်အခဲတချို့ရှိခဲ့ပါတယ်။ ပြီးတော့ သဘာဝဘေးကြောင့် ဒုတိယတစ်ကြိမ် ထပ်ဖြေရမယ် ဆိုတော့ စိတ်ဓာတ်ကျချင်ပေမယ့် ကြိုးစားမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီးကြိုးစားဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးရရှိတဲ့အတွက် သမီးငယ်ငယ်ကတည်းက ရည်မှန်းခဲ့တဲ့ ဆရာဝန် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ သမီးအခုလို အောင်မြင်မှုရအောင် သမီးရဲ့ နောက်ကွယ် ကနေ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ သင်ကြားပြသပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးအများကြီး တင်ရှိပါတယ်”ဟု ပြောသည်။
ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနှင်းအိန္ဒြာကလည်း “သမီး ဒီလိုခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် တစ်နေ့စာတစ်နေ့ ကြိုးစား သင်ယူကျက်မှတ်ခဲ့ပါတယ်။ ပထမအကြိမ် စာမေးပွဲ ဖြေစဉ်က အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒုတိယအကြိမ် ဖြေဆိုရမယ်လို့ သိရတဲ့အခါ စိတ်ဓာတ်မကျဘဲ မလျှော့သောဇွဲလုံ့လနဲ့ ပြန်လည်ကြိုးစားဖြေဆိုခဲ့ပါတယ်။ သမီးအနေနဲ့ ဒီလိုခြောက်ဘာသာဂုဏ်ထူး ရရှိမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလိုရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီလိုအောင်မြင်မှုရရှိအောင် ထောက်ပံ့ပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။ သေချာသင်ကြားပေး တဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တက္ကသိုလ်ကတော့ ရွေးချယ်နေတုန်းပဲရှိပါတယ်” ဟု ပြောသည်။
ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မကြည်နူးမေက “စာမေးပွဲ အောင်စာရင်းမထွက်ခင် အချိန်အထိ အလွန်ကို စိတ်လှုပ်ရှားနေပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ အခုလို အောင်မြင်မှုရရှိ အောင် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတာတွေကိုလည်း နားထောင်ပြီး လေ့လာကျက်မှတ်ပါတယ်။ ဆရာမ တွေ လမ်းညွှန်ပေးထားတဲ့အတိုင်းပဲ လုပ်ခဲ့တာပါ။ မနက်အစောထပြီး စာကျက်ခဲ့ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကို လျှော့ပြီး စာဘက်ကိုပဲ အာရုံစိုက်လုပ်ခဲ့ရပါတယ်။ သမီးကို ပံ့ပိုးပေးတဲ့ ဆရာ ဆရာမတွေ၊ မိဘတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ အရှုံးမပေးဘဲ ကြိုးစားရင် အောင်မြင်မှုရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ခြောက်ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ သုံးဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး ထွက်ပေါ်ခဲ့ ပြီး ရာခိုင်နှုန်းပြည့် အောင်မြင်ခဲ့သည်။
မင်းထက်အောင်


