နေပြည်တော်    နိုဝင်ဘာ    ၁၇

၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  တပ်မတော် (ကြည်း၊ ရေ၊ လေ)  ဖူဆယ်ပြိုင်ပွဲ         ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားရုံ (A)ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား တပ်မတော် အားကစားနှင့်ကာယ ပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ    တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ    အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့်   ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းကို ၁၁ ဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက်၂၀၂၅ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် တစ်ဦးချင်း နေရာလိုက် အကောင်းဆုံးဆုများဖြစ်သည့်  အကောင်းဆုံးကစား သမားဆု၊ အကောင်းဆုံး ဂိုးသမား ဆု၊    ဂိုးသွင်းအများဆုံးဆုရရှိသူများနှင့်   ပထမဆု၊   ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများ၊ အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ၂၀၂၅ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)  ဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဖလားနှင့်   ငွေသားဆုများကို   ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ၂၀၂၅ ခုနှစ်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ယနေ့အထိ ပြိုင်ပွဲဝင် အသင်း ၁၄   သင်းဖြင့်  ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။   

သတင်းစဉ်