ရန်ကုန် နိုဝင်ဘာ ၁၂
အထက်မြန်မာပြည်ကိုယ်စားပြု မန်းစီးတီးဂေါက်သီးရိုက်အသင်းနှင့် အောက်မြန်မာပြည်ကိုယ်စားပြု ရင်လုံဂေါက်သီးရိုက်အသင်းတို့၏ အဋ္ဌမအကြိမ်မြောက် MYM Cup ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေ ၅ နာရီတွင် မင်းဓ္ဓမလမ်းရှိ Ruyi Restaurant ၌ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မန်းစီးတီးဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးရွှေမြင့်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ရင်လုံ ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးလှမြင့်ရွှေ၊ မန်းစီးတီးဂေါက်သီးရိုက်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ရင်လုံဂေါက်သီးရိုက်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးရန်အောင်၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မန်းစီးတီးဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးရွှေမြင့်၊ ရင်လုံဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့က အမှာစကားပြောကြားပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ကစားသမားများအတွက် မန်းစီးတီးဂေါက်သီးရိုက်အသင်းက ကျပ်သိန်း ၁၀၀၊ ဥက္ကဋ္ဌ ဦးရွှေမြင့်က ကျပ်သိန်း ၅၀၊ ရွှေမန်းတောင်ဂေါက်ကွင်းက ကျပ်သိန်း ၁၀၀ ၊ ရင်လုံဂေါက်သီး ရိုက်အသင်းက သိန်း ၁၀၀၊ ဥက္ကဋ္ဌ ဦးလှမြင့်ရွှေက ကျပ်သိန်း ၅၀ တို့ပေးအပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက မန်းစီးတီးဂေါက်သီး ရိုက်အသင်းဥက္ကဋ္ဌ ဦးရွှေမြင့်၊ ရင်လုံဂေါက်သီးရိုက်သင်း ဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ ပြိုင်ပွဲအား ကြီးကြပ်ပေးသော မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဒိုင်အဖွဲ့များအား မန်းစီးတီး ဂေါက်သီးရိုက်အသင်းနှင့် ရင်လုံဂေါက်သီးရိုက်အသင်းတို့က အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ယင်းနောက် ယခုနှစ်တွင် ဗိုလ်စွဲသွားသော ရင်လုံဂေါက်သီးရိုက်အသင်းထံ MYM Cup ဖလားကို မန်းစီးတီးဂေါက်သီးရိုက်အသင်းက လွှဲပြောင်းပေးအပ်သည်။
ကျင်းပပြီးစီးခဲ့သည့် MYM Cup ပြိုင်ပွဲတစ်လျှောက် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့ Royal Mingalardon Golf & Country Club ၌ ကျင်းပသည့် ပထမအကြိမ်တွင် ရင်လုံအသင်း၊ ၂ဝ၁၄ ခုနှစ် မန္တလေးမြို့ ရွှေစာရံဂေါက်ကွင်း၌ကျင်းပသည့် ဒုတိယအကြိမ်တွင် မန်းစီးတီးအသင်း၊ ၂၀၁၅ ခုနှစ် ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကလပ်၌ ကျင်းပသည့် တတိယအကြိမ်တွင် ရင်လုံအသင်း၊ ၂၀၁၆ ခုနှစ် မန္တလေးမြို့ ရွှေမန်းတောင်ဂေါက်ကွင်း၌ ကျင်းပသည့် စတုတ္ထအကြိမ်တွင် ရင်လုံအသင်း၊ ၂၀၁၇ ခုနှစ် ပုဂံဂေါက်ကွင်း၌ ကျင်းပသည့် ပဉ္စမအကြိမ်တွင် မန်းစီးတီးအသင်း၊ ၂၀၁၉ ခုနှစ် ဒဂုံဂေါက်ကွင်း၌ ကျင်းပသည့် ဆဋ္ဌမအကြိမ်တွင် ရင်လုံအသင်း၊ ၂၀၂၃ ခုနှစ် မန္တလေးမြို့ ရေတံခွန်တောင် ဂေါက်ကွင်း၌ ကျင်းပသည့် သတ္တမအကြိမ်ပြိုင်ပွဲတွင် မန်းစီးတီးအသင်း၊ ယခု ၂၀၂၅ ခုနှစ် အဋ္ဌမအကြိမ်ပြိုင်ပွဲတွင် ရင်လုံအသင်းတို့ အနိုင်ရဗိုလ်စွဲခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MGF


