ရန်ကုန်  ဇွန်  ၁၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (C) ပွဲစဉ်များကို တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တာ့ခ်မင်နစ္စတန် အသင်းနှင့် အဖွင့်ပွဲကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ  ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(A)တွင် အီရန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ စင်ကာပူ၊  ဘူတန်၊ အုပ်စု(B)တွင် ထိုင်း၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ တီမော၊   အီရတ်၊  အုပ်စု(C)တွင်   မြန်မာ၊   ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊  တာ့ခ်မင်နစ္စတန်၊  အုပ်စု (D)  တွင်   တရုတ်(တိုင်ပေ)၊   အင်ဒိုနီးရှား၊ ကာဂျစ္စတန်၊  ပါကစ္စတန်၊  အုပ်စု(E)တွင် ဗီယက်နမ်၊ ဂူအမ်၊ယူအေအီး၊ မော်လ်ဒိုက်၊ အုပ်စု (F) တွင် ဥဇဘက်ကစ္စတန်၊ နီပေါ၊  လာအို၊  သီရိလင်္ကာ၊  အုပ်စု  (G) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊  ကမ္ဘောဒီးယား၊ ဆော်ဒီအာရေဗျ၊  အုပ်စု (H) တွင် မြောက်ကိုရီးယား၊ မလေးရှား၊    ပါလက်စတိုင်းနှင့်    တာဂျစ်ကစ္စတန် အသင်းတို့    ပါဝင်ကြသည်။  ခြေစစ်ပွဲ အုပ်စု  (C) ပွဲစဉ်များကို  ဇွန်  ၂၉  ရက်၊ ဇူလိုင်  ၂၊  ၅  ရက်တွင်    ရန်ကုန်မြို့ရှိ    သုဝဏ္ဏကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး  ညနေ  ၄  နာရီတွင် ပထမပွဲ၊  ည  ၇  နာရီတွင်   ဒုတိယပွဲ ကျင်းပမည်ဖြစ်သည်။ အုပ်စု(C)ပွဲစဉ်များအဖြစ်  ဇွန်  ၂၉ ရက် ညနေ  ၄  နာရီတွင်   မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊   ည  ၇  နာရီတွင် ဘာရိန်းအသင်း နှင့်  ဘင်္ဂလားဒေ့ရှ်အသင်း၊  ဇူလိုင် ၂  ရက်  ညနေ   ၄    နာရီတွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့်    မြန်မာ အသင်း၊ ည ၇ နာရီတွင် တာ့ခ်မင်နစ္စတန်အသင်းနှင့်    ဘာရိန်းအသင်း၊    ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ဘာရိန်းအသင်း၊ ည ၇ နာရီတွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် တာ့ခ်မင် နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်   ယင်းခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၀ ကျော် ဖြင့်  စခန်းဝင်လေ့ကျင့်လျက်ရှိပြီး  နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက ကိုင်တွယ် နေသည်။

သော်လေး

ဓာတ်ပုံ-MFF