ဖရန့်ဖာ့တ် စက်တင်ဘာ ၃၀
၂၀၃၀ မတိုင်မီ ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ပေါင်း ၄၀၀၀ ခန့်လျှော့ချသွားမည်ဖြစ်ကြောင်းနှင့် အများစုမှာ ဂျာမနီမှဖြစ်ကြောင်း လုပ်ဖ်သန်ဇာအဖွဲ့က စက်တင်ဘာ ၃၀ ရက်က ကြေညာလိုက်သည်။ လုပ်ဖ်သန်ဇာအဖွဲ့သည် လုပ်ငန်းခွဲများနှင့် ရှယ်ယာရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၃၀၀ ကျော် ရှိသည့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။
လုပ်ဖ်သန်ဇာအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အုပ်ချုပ်ရေးပိုင်းရာထူးနေရာများကို အဓိကအားဖြင့် အလုပ်လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ကြီးမားသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ အလိုအလျောက်စနစ်နှင့် ချောမွေ့သောလုပ်ငန်းစဉ်များဖြင့် အလုပ်အကိုင်လျှော့ချခြင်းကို အောင်မြင်စွာပြုလုပ်နိုင်မည်ဖြစ်သည်။
အလုပ်အကိုင်လျှော့ချခြင်းကို လူမှုရေးဆိုင်ရာ မိတ်ဖက်များနှင့် တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်များအတွင်း လုပ်ငန်းလည်ပတ်မှုနှင့် ဖွဲ့စည်းပုံများပြောင်းလဲသွားမည်ဖြစ်ကြောင်း လုပ်ဖ်သန်ဇာအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုပ်ဖ်သန်ဇာအဖွဲ့သည် ကမ္ဘာတစ်ဝန်း လူ ၁၀၃၀၀၀ ခန့် အလုပ်ခန့်အပ်ထားသည်။ လုပ်ဖ်သန်ဇာတွင် ဝန်ထမ်းအမြောက်အမြားအလုပ်ရပ်စဲခြင်းကို မိမိတို့လက်ခံသွားမည်မဟုတ်ကြောင်းနှင့် မိမိတို့၏ အလုပ်အကိုင်များကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဝန်ဆောင်မှုကဏ္ဍဝန်ထမ်းများကို ကိုယ်စားပြုသည့် ဂျာမန်အလုပ်သမားသမဂ္ဂ(ဗာဒီ)၏ အဖွဲ့ကိုယ်စားလှယ်နှင့် ဦးဆောင်ညှိနှိုင်းရေးမှူး မာဗင်ရက်စ်ချင်စကီက ပြောသည်။
အလုပ်အကိုင်များကို အကာအကွယ်ပေးရန်နှင့် ဂျာမန်လေကြောင်းကဏ္ဍ အနာဂတ်ကို အာမခံပေးရန် ၎င်းက အစိုးရကို တိုက်တွန်းခဲ့သည်။
ဆင်ဟွာ


