(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ပြောကြားသည့် အဖွင့်ဂုဏ်ပြုဗီဒီယိုမိန့်ခွန်း
( ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် )
အားလုံးမင်္ဂလာပါ။
မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ မြန်မာ့အမွေအနှစ် တိုင်းရင်းဆေးပညာကို မြတ်နိုးတန်ဖိုးထားလျက် ထိန်းသိမ်းမြှင့်တင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွေကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ယခုဆိုရင် (၂၄) ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။ ယခုနှစ်ညီလာခံကို
- မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှုနည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန် လာနိုင်စေရန်၊
- ပြည်သူလူထုအနေဖြင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံကို သိရှိနိုင်စေရန်၊
- တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊
- ရိုးရာတိုင်းရင်းဆေးပညာ နည်းစနစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာဟာ ရှေးအစဉ်အဆက်ကတည်းကနေ ယနေ့အချိန်အထိ နိုင်ငံသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒတွေနဲ့အညီ တိုင်းရင်းဆေးပညာ၊ ဆေးဝါးတွေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ် ကျင်းပနေတာပဲဖြစ်ပါတယ်။ ဒီနေ့အချိန်အခါဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် (၄) ရပ်မှာပါဝင်တဲ့ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုတဲ့ ဦးတည်ချက်နဲ့အညီ အမျိုးသားရေးရည်မှန်းချက်ဖြစ်တဲ့ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်တဲ့ ကျန်းမာရေးကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ဆေးဝါးတွေကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ဖို့နဲ့ ပြည်သူတစ်ရပ်လုံးကို တိုင်းရင်းဆေးနဲ့ ကျန်းမာရေးပိုမိုစောင့်ရှောက်မှုပေးနိုင်ဖို့၊ မြန်မာ့တိုင်းရင်းဆေးတွေ အဆင့်အတန်းမြင့်စေဖို့အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မျိုးဆက်သစ် တိုင်းရင်း ဆေးပညာရှင်တွေကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါ တယ်။ ယခုဆိုရင် တိုင်းရင်းဆေးပညာရပ်တွေ ခေတ်နဲ့အညီဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပိုမိုမွေးထုတ်ပေးနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေးပညာပါရဂူဘွဲ့ (ပထမအကြိမ်) သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ စောင့်ရှောက်ခဲ့ကြတဲ့အစဉ်အလာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းသားပြည်သူများရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကုသမှုပေးရာမှာ တိုင်းရင်းဆေးဆိုင်ရာ ကုထုံးစွမ်းရည်မြင့်မားရေးအတွက် အကြောပညာသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ ဖွင့်လှစ်ပေးခဲ့တာ တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ချိန်တွေမှာ ပြည်သူလူထုကို မြန်မာ့တိုင်းရင်းဆေးနဲ့ တစ်တပ်တစ်အား ပါဝင်ကူညီစောင့်ရှောက်ခဲ့တာတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လေးစားတန်ဖိုးထားတတ်စေဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းဆေးအသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာနဲ့ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေတာကို တွေ့ရလို့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နေသလို တိုင်းရင်းဆေးကဏ္ဍတွေမှာလည်း အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်မီ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ အရည်အသွေးမြင့် ထုပ်ပိုးခြင်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံစီးပွားရေး အသိုက်အဝန်းရဲ့ တိုင်းရင်းဆေးဝါးနဲ့ ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍမှာ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့၊ နည်းပညာလိုအပ်ချက်တွေ၊ လမ်းညွှန်ချက်တွေ တစ်သမတ်တည်းဖြစ်စေဖို့နဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ကြောင့်လည်း အခု ၂၀၂၅ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၇) ကြိမ်မြောက် အာဆီယံတိုင်းရင်းဆေးနဲ့ ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံများအတွင်း တိုင်းရင်းဆေးနဲ့ နှီးနွှယ်သုတေသနပညာရပ်ဆိုင်ရာ ညီလာခံ၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ တိုင်းရင်းဆေးကုန်ကြမ်းများနဲ့ ပတ်သက်တဲ့ အရည်အသွေးမီ သုတေသနပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် တရုတ်တိုင်းရင်းဆေးထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ တရုတ်နိုင်ငံ ကွမ်ရှီးဒေသမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံများအတွက် ခရီးသွားကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်စတာတွေကို ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့တာ တွေ့ရလို့ ကျေနပ်အားရမိပါတယ်။
ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း (မ်) စတက်၊ မဲခေါင်ဒေသ အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းဆေးပညာကဏ္ဍတွေမှာ အတူပူးပေါင်းဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။
အများပြည်သူတွေ နေ့စဉ်သုံးစွဲနေကြတဲ့ တိုင်းရင်းဆေးဝါးတွေ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးနဲ့ အာနိသင်ပြည့်ဝတဲ့ ဆေးဝါးတွေ ဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ဟာ အရေးကြီးတဲ့အတွက် ဓာတ်ခွဲခန်းဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ အလားတူ မရိုးသားသောနည်းနဲ့ တိုင်းရင်းဆေးရဲ့ဂုဏ်ဒြပ်ကို ထိခိုက်အောင် ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာ ကာကွယ်ဟန့်တားသွားဖို့ လိုပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့ ရေမြေသဘာဝယဉ်ကျေးမှုဓလေ့ထုံးစံတွေအရ တိုင်းရင်းဆေးပညာရပ်တွေ တည်ရှိနေကြတာမို့ ဘိုးဘွားအမွေအနှစ် အမျိုးသားဆေးပညာရပ်အနေနဲ့ အားကိုးအားထားပြုနေကြဆဲ ဖြစ်ပါတယ်။ အခြားအခြားသော ဆေးပညာနဲ့ ဆေးဝါးတွေ တိုးတက်လာလို့ အသုံးပြုနေကြပြီဖြစ်သလို တိုင်းရင်းဆေးပညာနဲ့ ဆေးဝါးများဟာလည်း ကျန်းမာရေးအတွက် ဆက်လက်မှီခို အားထားအသုံးပြုနေကြရမှာ ဖြစ်တယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တိုင်းရင်းဆေးပညာအရ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ အပင်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ဆေးဖက်ဝင်ပုံတွေကို သိရှိနားလည်စေဖို့နဲ့ မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ပြီး သက်ရှည်ကျန်းမာစွာနဲ့ ရောဂါဘယကင်းရှင်းစွာ နေထိုင်နိုင်စေဖို့အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် “ပြည်သူလူထု ကျန်းမာရေး၊ တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး” ဆောင်ပုဒ်အရ ပြည်သူလူထုကို နေ့စဉ်မျှတစွာပြုမူနေထိုင် စားသောက်တတ်စေဖို့အတွက် တိုင်းရင်းဆေးပညာရှင်တွေက ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးရခြင်းဟာ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ရေးကို ရည်မှန်းချက်ထားရှိပြီး ကျင်းပခြင်းဖြစ်လို့ ဒီညီလာခံကြီးမှာ တွေ့ဆုံကြတဲ့ နိုင်ငံတစ်နံတစ်လျားက တိုင်းရင်းဆေးပညာရှင်တွေ စုပေါင်းညီညာ ချစ်ခင်ရင်းနှီးစွာနဲ့ တိုင်ပင်ဆွေးနွေးနှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးနဲ့ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုတိုးမြှင့် စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်း တောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။


