နေပြည်တော် ဒီဇင်ဘာ ၁၆
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေး ကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အသင်း/ အဖွဲ့များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးမိတ်နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ထပ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “သမိုင်းသတင်းမွှေးသည့် တိုင်းရင်းဆေး” သီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာ နှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message ကို ဖွင့်လှစ်ပြသသည်။
(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ပြောကြားသည့် အဖွင့်ဂုဏ်ပြု ဗီဒီယို မိန့်ခွန်းကို စာမျက်နှာ (၄) တွင် ဖော်ပြထားပါသည်။)
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို အလေးအနက်ထား၍ အားပေးချီးမြှောက် မြှင့်တင်ပေးလျက် ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်အချင်းပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့် တိုင်းရင်းဆေးပညာ မဟာဘွဲ့ အဆင့်အထိ လေ့ကျင့်မွေးထုတ် ပေးနေကြောင်း၊ ယခုညီလာခံတွင် တိုင်းရင်းဆေး သမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ်လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံဗဟုသုတများ နှီးနှော ဖလှယ်ပေးနိုင်ခြင်း၊ လက်ဆင့် ကမ်းအမွေပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် အတွက် မျိုးဆက်သစ်များကလည်း အနာဂတ် မြန်မာ့တိုင်းရင်း ဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆက်လက်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း။
နိုင်ငံတော် အကြီးအကဲ၏ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမှမရှိ” စသည့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ရန် အတွက် မြန်မာ့တိုင်းရင်းဆေး ပညာရပ်ကလည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း။
ထို့ကြောင့် မြန်မာ့တိုင်းရင်း ဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့တိုင်းရင်းဆေးဝါးများ အန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ အရည်အသွေး ပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေး ပိုမို ပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအား အရင်းအမြစ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင်နှင့် ဆေးဝါးများကို သုတေသနပြုလုပ်ပြီး ပြည်သူလူထု ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော်အစိုးရ ကလည်း အလေးထားပံ့ပိုးအားပေး သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း ဆေးဆိုင်ရာ စံချိန်၊ စံညွှန်းများ ပိုမိုတိုးတက် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီစက်ကိရိယာနှင့် နည်းစနစ်များ၊ လိုအပ်သည့် လူအင်အား၊ ဖွံ့ဖြိုးမှုလိုအပ်သည့် ကဏ္ဍများ၊ တတ်မြောက်အောင် သင်ကြား လေ့ကျင့်ပေးခြင်းများကို နိုင်ငံတော်ကပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
တိုးတက်လျက်ရှိသည့် မြန်မာ့ တိုင်းရင်းဆေးပညာနှင့် ပြည်သူ့ အတွက် ဝန်ဆောင်မှုလုပ်ငန်းများကို စေတနာဖြင့် ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ မြန်မာတို့၏ ကိုယ်ပိုင်တိုင်းရင်း ဆေးအရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်း မသွားအောင် ဆက်လက်ထိန်းသိမ်း မြှင့်တင်ကြရေးသည် မိမိတို့ မျိုးဆက်သစ်များ၏ အမျိုးသား ရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းဆေး ပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်မှုများမှတ်တမ်း Video Clip နှင့် “ပြည်ထောင်စုရဲ့ အင်အား” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းဆေးပညာ ဦးစီးဌာနပြခန်းနှင့် ခင်းကျင်း ပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


