နေပြည်တော် ဒီဇင်ဘာ ၁၆

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တိုင်းရင်းဆေးပညာဦးစီးဌာန၊ နာယက ဦးမြင့်လွင် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ၊ ဥက္ကဋ္ဌပါမောက္ခဒေါက်တာဦးမိတ် တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးပေါငြိမ်း မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီတို့က ဆောင်ရွက်ကြသည်။

ဦးစွာ သဘာပတိက (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် အဆိုပြုချက်(၄)ရပ်တင်သွင်းပြီး ထောက်ခံဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ညီလာခံတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မိန့်မှာချက်များကို အလေးအနက်ထား ဆောင်ရွက်ကြရန်နှင့် ညီလာခံတွင် တင်သွင်းခဲ့ကြသည့် အဆိုပြုချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဦးဟန်ငြိမ်းက အဆိုပြုချက် အမှတ်(၁)ဖြစ်သော “မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှု နည်းစနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် ပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းများ၊ ဆွေးနွေးပွဲများတိုးမြှင့် ဆောင်ရွက်ရန် အဆိုကိုတင်သွင်းရာ မန္တလေးတိုင်း ဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ချောနန္ဒာခိုင် က ထောက်ခံဆွေးနွေးသည်။

အဆိုပြုချက် အမှတ်(၂)ဖြစ်သော  “မိမိတို့ ပတ်ဝန်းကျင်ရှိအပင်များနှင့် မီးဖိုချောင်သုံးပစ္စည်း များ၏ ဆေးဖက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းဆေးအသိပညာပေးခြင်းကို ဆောင်ရွက်ရန်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ညီလာခံကိုယ်စားလှယ် ဒေါ်သန္တာဝင်းက တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ  ညီလာခံ ကိုယ်စားလှယ် ဦးစိန်ဦးက ထောက်ခံဆွေးနွေးကာ ညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ရပ်နားခဲ့သည်။

ထောက်ခံဆွေးနွေး

ယင်းနောက် ညီလာခံ မွန်းလွဲပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ်ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးသန်းညွန့် မြန်မာနိုင်ငံ  တိုင်းရင်းဆေးကောင်စီနာယက၊ ဦးမြင့်ဦး ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဦးလှမြင့် အဖွဲ့ဝင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ ဦးဝေဝင်းအဖွဲ့ဝင် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီတို့က ဆောင်ရွက်ပြီး အဆိုပြုချက်အမှတ်(၃) ဖြစ်သော  “ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရန် အဆိုကို  ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံ ကိုယ်စားလှယ် ဒေါ်လှလှ‌‌ဌေးက တင်သွင်းပြီး ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးငွေသိမ်းမင်းက ထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ အဆိုပြုချက်အမှတ်(၄) ဖြစ်သော “ကျမ်းဂန်လာတိုင်းရင်းဆေးဖုံများ၏ ရောဂါကုသရာတွင် ထိရောက်မှုကို သိပ္ပံနည်းကျဖော်ထုတ် ဆောင်ရွက်ရန်နှင့် မူပိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက်ရန် အဆိုကို ရှမ်းပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ဥမ္မာအေးက တင်သွင်းပြီး ဆေးဝါးတက္ကသိုလ် မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါက်တာသက်သက်ဖြိုးဇော်က ထောက်ခံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ဦးညိုစော၏ ညီလာခံအဖွင့် မိန့်ခွန်းပါ မိန့်ကြားချက်များကို  မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံတွင် တင်သွင်းသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘောထားရယူပြီး အဆိုများကို အတည်ပြု မှတ်တမ်းတင်ကြောင်း သိရသည်။

သတင်းစဉ်