(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် ဇွန်   ၄

 

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအား ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊  Jeng phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ (အကြံပေး) အဖွဲ့ဝင် ဒေါက်တာယဉ်ယဉ်နွယ်နှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ အာရှပိုက်ကျော်ခြင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမား မောင်/မယ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng phang နော်တောင်က   (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းနည်းပြများ၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများ၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်ကြေးတံဆိပ်ရရှိသည့် ပိုက်ကျော်ခြင်း အားကစားသမားများနှင် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်း အားကစားသမားများကိုလည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အာကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်း အမျိုးသားအားကစားသမား (၁၀) ဦး၊ အမျိုးသမီး အားကစားသမား (၉) ဦး၊ အုပ်ချုပ်သူ၊ နည်းပြ (၅) ဦး စုစုပေါင်း ၂၄ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေး (၁) ခု၊ အမျိုးသမီး လေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ခုနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု  စုစုပေါင်း ဆုတံဆိပ် (၄) ခု ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်