ရန်ကုန် စက်တင်ဘာ ၁၁
(၃၃)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Team Zanaka အသင်းမှ ESport အားကစားနည်း အမျိုးအစား သုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ သိရသည်။
ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ESport အားကစားနည်းကဏ္ဍတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများကို ရွေးချယ်သည့် National Esports Championship 2025 ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၃ ရက်နှင့် ၂၄ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား မိုးလုံလေလုံအားကစားကွင်း(၁)၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း တစ်ရာကျော်၊ ကစားသမားပေါင်း ငါးရာကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲ၌ အမျိုးသား Mobile Legends: Bang Bang (MLBB) Open Division ပြိုင်ပွဲတွင် Falcon Esports အသင်း၊ အမျိုးသမီး Mobile Legends: Bang Bang (MLBB) Women Division ပြိုင်ပွဲတွင် Falcon Daisies အသင်း၊ EA Sports FC Online ပြိုင်ပွဲတွင် Wai Min Shein တို့က ချန်ပီယံဆုရရှိခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု Team Zanaka အသင်းအဖြစ် ရွေးချယ်ခဲ့ကာ (၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးတွင် နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ထိုကဲ့သို့ ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်မှုကို ပရိသတ်တစ်သောင်းကျော် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး တိုက်ရိုက် (Live)ထုတ်လွှင့်ပြသမှုတွင် ပရိသတ်ငါးသောင်းကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
“အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံ ESport အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ဖို့ နိုင်ငံအဆင့် အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ National Esports Championship 2025 ပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲနဲ့ တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားဖို့ ရှိပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့လိုအပ်တဲ့ အထောက်အကူတွေ ဆက်လက်ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး နိုင်ငံအတွက် ESport အားကစားကဏ္ဍမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ ရည်မှန်းချက်ထားရှိပါတယ်” ဟု မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်းက ပြောကြားသည်။
ယခုနှစ် MLBB Open Division တွင် အနိုင်ရရှိခဲ့သော Falcon Esports သည် ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် SEA Games - Men’s Tournament တွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ် ရယူပေးခဲ့ကြောင်း သိရသည်။
သစ္စာ(MNA)


