နေပြည်တော် ဇူလိုင် ၂၄
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစား သမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)လူငယ်အလေးမ အားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမ လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ မြန်မာ နိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော အလေးမပြိုင်ပွဲတွင် အမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုး သမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၇၉၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား+၉၄ ကီလိုတန်း ပြိုင်ပွဲတွင် စုစုပေါင်းသတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ရန်မျိုးကျော်ကို မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသီဟလင်းကလည်းကောင်း၊ အမျိုးသမီး ၅၈ ကီလိုတန်းပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ထက်ထက်ထွေးနှင့် အမျိုးသား ၉၄ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက်သာလွန် ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် ဝင်းနိုင်ထွန်းတို့ကို မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ထို့အတူ အမျိုးသမီး ၄၈ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်းပြိုင်ပွဲတွင် သတ်မှတ်စံချိန် ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် နော်အယ်ကညောဂျော့ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် ဇင်မေဦး၊ ၆၃ ကီလိုတန်း အမြန်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည် စံချိန်သစ် တင်နိုင်ခဲ့သည့် သူဇာခင်နှင့် အမျိုးသား ၈၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတို့တွင် သတ်မှတ်စံချိန် ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် ရဲရင့်နိုင်တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသမီး ၅၃ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်း ပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန် ပြီး မြန်မာပြည်စံချိန်သစ် တင်နိုင်ခဲ့သည့် နော်တဘိုးရာ နှင့် အမျိုးသား ၇၉ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် သီဟအောင်တို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင် အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် လူငယ် အလေးမအားကစားသမားများ စံချိန်ဆန်းစစ် ပြိုင်ပွဲများတွင် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေး စခန်း (Youth Camp)တို့မှ အလေးမအားကစားသမား စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


