ရန်ကုန် အောက်တိုဘာ ၈
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် Junior Golf Myanmar (JGM) ၏ (၄၃) ကြိမ်မြောက် မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးအေးကိုကိုစိုး၊ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာမြင့်ဦး၊ အဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်နှင့် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်တို့က အလှည့်ကျဂေါက်သီးရိုက်ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲ စတင်ယှဉ်ပြိုင်သည်။
ပြိုင်ပွဲ၏ အမျိုးသား ၁၂ နှစ်အောက် သက်တမ်းတွင် ၁၃ ဦး၊ ၁၄ နှစ်အောက်သက်တမ်းတွင် ခုနစ်ဦး၊ ၁၈ နှစ် အောက်သက်တမ်းတွင် ၁၉ ဦး၊ အမျိုးသမီး ၁၈ နှစ်အောက် သက်တမ်းတွင် ခုနစ်ဦး စုစုပေါင်း ၄၆ ဦး ပါဝင်ယှဉ်ပြိုင်သည်။
ပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး သက်တမ်း လေးခုစလုံးမှ ရိုက်ချက်အနည်းဆုံးတစ်ဦးအား ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ကျင်းပမည့် Emirates Golf Federation UAE Cup ဂေါက်သီးရိုက်ပြိုင်ပွဲသို့ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MGF


