နေပြည်တော် ၁၂ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မြို့နယ်အလိုက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနေမှုများကို ဖော်ပြလိုက်ရပါသည်။
ကော့မှူး
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဗိုလ်ချုပ်ပန်းခြံ၌ ကျင်းပရာ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)
ချောင်းဆုံ
ယနေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ချောင်းဆုံမြို့ရှိ တေဇဥယျာဉ်တွင် နံနက် ၇ နာရီ က ကျင်းပခဲ့ပြီး တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဖတ်ကြားခဲ့သည်။ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ကြကာ ပြန်/ဆက်ဦးစီးဌာနမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
MDN
တံတားဦး
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက တံတားဦးမြို့နယ် ပြည်သူ့အားကစားပြိုင်၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ဆရာ/မများ၊ ဘင်ခရာအဖွဲ့များ စုစုပေါင်း အင်အား (၃၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
သံတွဲ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို သံတွဲမြို့ ဦးဥတ္တမပန်းခြံ၌ ယနေ့ နံနက် ၇ နာရီတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသင်တို့က ဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဦးသန့်ဇင်(ခရိုင်ပြန်/ဆက်)
ဘားအံ
ယနေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းတွင် နံနက် ၇ နာရီတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၂)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရာ တာဝေးအလွတ်တန်း အပြေးပြိုင်ပွဲ၊ သီရိကွင်း ပတ်ပြေးပြိုင်ပွဲ၊ လွန်ဆွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ချောတိုင်တက်၊ ထုပ်စည်းထိုး စသည့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


