နေပြည်တော် ၁၃ ဖေဖော်ဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ ပူးပေါင်းဖျော်ဖြေကြသည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှိ လေဟာပြင်ဇာတ်ရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ချင်းတောင်တန်းမှ ဖိတ်ခေါ်ပါတယ်”၊ “အဖြူရောင်သံစဉ်”၊ “မလိခအလွမ်း”၊ “လတ်တီး” နှင့် “ဥမကွဲ သိုက်မပျက်” သီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး တေးသံရှင် ပိုးမီက “ အလိုက်တသိ” နှင့် “မင်းအတွက်သီချင်း” သီချင်းများဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ “ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ” တေးသီချင်းဖြင့် တေးသံရှင် ပိုးမီက သီဆို၍ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက စုပေါင်းသရုပ်ဖော် ကပြဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားတိုင်းရင်းသူ ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက “တို့ချစ်တဲ့ပြည်ထောင်စု”၊ “တို့များသွေးချင်း လော်ဝေါ်လူမျိုး”၊ “လှမ်းလာခဲ့ပါ ကယားမြေ”၊ “ဂေဘားမြေကို အလည်လာခဲ့ပါ”၊ “ငြိမ်းချမ်းဝေစည် ရှေ့သို့ချီ”၊ “စည်းလုံးညီညာ အောင်ကြောင်းဖြာ”၊ “သီတင်းကျွတ်ရင်နွှဲ သပိတ်မျှောပွဲ”၊ “ပွင့်သောပန်းတိုင်း လှစေသည်”၊ “သာယာလှပ မွန်ဒေသ”၊ “ထွန်းကားခဲ့သည့် ဝေသာလီ”၊ “စည်းလုံးခြင်းသမိုင်း”၊ “သီကုံးမဝ ရှမ်းတောင်တန်းအလှ” တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားတိုင်းရင်းသူ ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက “ပြည်ထောင်စုသည် အောင်မြင်ခြင်း” သီချင်းဖြင့် စုပေါင်းဖျော်ဖြေကြပြီး ဖျော်ဖြေပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲသို့ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူလူထုများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးကြသည်။
(သတင်းစဉ်)


