မုံရွာ ဒီဇင်ဘာ ၂၁

 

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက တောက္ကရှပ် - မင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဒေသခံပြည်သူတစ်ဦးတို့က တောက္ကရှပ်-မင်းကုန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့ အမှတ် (၅)ရပ်ကွက်ရှိ “အောင်သစ္စာ ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် အမှတ်(၄)ရပ်ကွက်ရှိ “မဟာဗန္ဓုလ ကွန်ကရစ်လမ်းဖွင့်ပွဲတို့ကို တက်ရောက် အမှာစကား ပြောကြားပြီး ကွန်ကရစ်လမ်းသစ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအခမ်းအနားများတွင် ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့နှင့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက် ရှိဂါမဏိစည်သူလမ်း ကွန်ကရစ်ခင်းကျင်းပြီးစီးမှုနှင့် အမှတ်(၃)ရပ်ကွက်ရှိ မာဃလမ်းသွယ် (၅) ကွန်ကရစ် ခင်းကျင်းပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)