နေပြည်တော် ဒီဇင်ဘာ ၂၄
(၇၈)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ သန်လျင်တပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက် ရွတ်ဆိုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ရေးဦးစီး ချုပ်(ရေ)က စစ်ရေးပြတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)က (၇၈)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေး ပြုခြင်းကိုခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ထို့ပြင် (၇၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို သန်လျင်တပ်နယ် မဟာနာဝါနီက ဇယမင်္ဂလာဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ သန်လျင်မြို့နယ် သံဃနာယက ဩဝါဒါစရိယ၊ သုဓမ္မာဝိနည်းဓိုရ် ပဝါရဏာဂိုဏ်း ဦးစီးဥက္ကဋ္ဌ မြို့ဦးစက်ပစ်ကွင်း ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇအမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


