တိုကျို   ဒီဇင်ဘာ   ၂၂

ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (ဂျေအေ အိတ်စ်အေ) ၏ (၈)ကြိမ်မြောက် H3 ဒုံးပျံလွှတ်တင်မှုတွင်  ဒုတိယအဆင့်အင်ဂျင်ပိုင်းဆိုင်ရာ   ပြဿနာဖြစ်ပေါ်ခဲ့သည့်အတွက် အောင်မြင်မှုမရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

ဂျပန်ကိုယ်ပိုင် Global Positioning System- GPS (ဂြိုဟ်တုအခြေပြု တည်နေရာပြစနစ်)အတွက် မီချီ ဘီကီ-၅ ဂြိုဟ်တု သယ်ဆောင်သွားသော အဆိုပါ ဒုံးပျံကို နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုရှိ တာနီ ဂါရှီးမားအာကာသစင်တာမှ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဒုံးပျံ၏ ဒုတိယအဆင့်အင်ဂျင်မှာ စီစဉ်သတ်မှတ် ထားသည့်အချိန်ထက်စော၍ မီးလောင်ကျွမ်းမှုရပ်တန့်သွားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါဂြိုဟ်တုကို သတ်မှတ်ထားသည့်  ဂြိုဟ်တုပတ်လမ်းအတွင်းသို့ မပို့ဆောင်နိုင်ခြင်းဖြစ်ကြောင်း ဂျေအေအိတ်စ်အေက ပြောသည်။

၂၀၂၃ ခုနှစ် မတ်လတွင် H3 ဒုံးပျံလွှတ်တင်ရာတွင် ပထမအကြိမ် မအောင်မြင်မှုကြုံတွေ့ခဲ့ပြီးနောက် ယခုအကြိမ်လွှတ်တင်မှုမှာ  ဒုတိယအကြိမ်မြောက် မအောင်မြင်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။ (၈) ကြိမ်မြောက်  H3 ဒုံးပျံလွှတ်တင်မှုကို  မူလက ဒီဇင်ဘာ ၇ ရက်တွင် စီစဉ်ထားသည်။ သို့သော်လည်း ဒုံးပျံ၏ ပစ္စည်းကိရိယာများတွင် ချွတ်ယွင်းချက်တစ်ခု တွေ့ရှိပြီးနောက် ရွှေ့ဆိုင်းခဲ့သည်။

လွှတ်တင်မှုကို ဒီဇင်ဘာ ၁၇ ရက်သို့ ရွှေ့ဆိုင်း ခဲ့သော်လည်း ဒုံးပျံလွှတ်တင်စင်တွင် ပြဿနာတစ်ခု တွေ့ရှိခဲ့သောကြောင့် နောက်ဆုံးမိနစ်အရောက်တွင် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ