ရန်ကုန်   ဩဂုတ်   ၁၉

၂၀၂၅ အာဆီယံ   အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ    ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို သြဂုတ် ၁၉ ရက်က ဗီယက်နမ်နိုင်ငံ၌ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် သြစတြေးလျအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည်   ချန်ပီယံဆုရယူနိုင်ရေး  ကြိုးပမ်းခဲ့သော်လည်း ဒုတိယပိုင်းတွင်  ပေးလိုက်ရသည့် ဂိုးဖြင့်  ရှုံးနိမ့်ကာ  ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။  မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နောက်ထပ်ကံမကောင်းခဲ့သည့် ဗိုလ်လုပွဲဖြစ်ခဲ့ပြီး သြစတြေးလျအသင်းကို   အရေးနိမ့်ကာ  ချန်ပီယံဆုနှင့်   ထပ်မံလွဲချော်ခဲ့ရခြင်းဖြစ်သည်။  မြန်မာ အသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ပြိုင်ပွဲတွင်  ဗိုလ်စွဲပြီးနောက် ၁၈ နှစ်အကြာတွင်   တစ်ကျော့ပြန် ချန်ပီယံဆု မျှော်လင့်ခွင့်ရခဲ့ပြီး အကောင်းဆုံးကြိုးစားသော်လည်း ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရ ပြန်သည်။  မြန်မာအသင်းသည် ၂၀၀၇  ပြိုင်ပွဲတွင်  ချန်ပီယံဆုရရှိ ပြီးနောက် ဗိုလ်လုပွဲသို့ လေးကြိမ်မြောက်  တက်ရောက်ခြင်းဖြစ်ပြီး လေးကြိမ်စလုံး  ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည်  ၂၀၁၁၊  ၂၀၁၂၊  ၂၀၁၅  နှင့် ၂၀၂၅  ခုနှစ်တို့တွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး  လေးကြိမ်စလုံး   ချန်ပီယံဆုနှင့်   လွဲချော်ခဲ့ရသည်။ သြစတြေးလျအသင်းသည် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဗိုလ်စွဲပြီးနောက် ၁၇ နှစ်အကြာတွင် တစ်ကျော့ပြန် ဗိုလ်စွဲခြင်းဖြစ်သည်။ သြစတြေးလျအသင်းသည် ပထမဆုံးဗိုလ်စွဲသည့် ပြိုင်ပွဲတွင် လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်သော်လည်း နောက်ပိုင်းနှစ်များတွင် လူငယ် လက်ရွေးစင်အသင်းများကိုသာ စေလွှတ်ခဲ့ကာ ယခုနှစ်တွင် ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

သြစတြေးလျအသင်းသည် အုပ်စုအဖွင့်ပွဲတွင်  မြန်မာအသင်းကို  အရေးနိမ့်ပြီးကတည်းက  တစ်ပွဲထက် တစ်ပွဲကစားပုံကောင်းလာခြင်းဖြစ်သည်။ မြန်မာအသင်းသည်    ပြိုင်ပွဲတစ်လျှောက်     ရှုံးပွဲမရှိဘဲ တက်ရောက်လာခြင်းဖြစ်သော်လည်း ဗိုလ်လုပွဲမှ  သြစတြေးလျအသင်း၏ ရှုံးကြွေးဆပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုနှစ်ကြိမ်၊ ဒုတိယ လေးကြိမ်၊  တတိယသုံးကြိမ်   ရရှိထားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မျိုးမြမြငြိမ်း(ဂိုး)၊ ဖြူဖွေး၊ ဇွန်ယုယဦး၊ လင်းလဲ့ဦး၊   မေသက်မွန်မြင့်၊ ရူပါခိုင်၊ ခင်မိုမိုထွန်း၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်းတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာအသင်းသည်   ပထမပိုင်းတွင် အပြန်အလှန်ကစားရန်ထက် ခံစစ်ကို အမှားမရှိအောင်ကစားပြီး တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့သည်။ ၁၉ မိနစ်တွင် မြန်မာအသင်း ဂိုးရနိုင်သည့် အခွင့်အရေးရသော်လည်း   ရူပါခိုင်၏ ထိုးဖောက်မှုကို  သြစတြေးလျနောက်ခံလူများ ဖျက်ထုတ်နိုင်ခဲ့သည်။ သြစတြေးလျအသင်း၏  ထိုးဖောက်မှုများကို မြန်မာဂိုးသမား မျိုးမြမြငြိမ်းနှင့် နောက်ခံလူများ အမှားအယွင်းမရှိ  ဖျက်ထုတ်နိုင်သဖြင့် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။

မြန်မာအသင်းသည် အုပ်စုပွဲမှ ဗိုလ်လုပွဲအထိ ၁၃ ရက်အတွင်း ငါးပွဲအထိ ကစားရသောကြောင့် ကစားသမားများအနေဖြင့် ပွဲပန်းသည့်ဒဏ်ကို ခံစားခဲ့ရပြီး ပြိုင်ဘက်အသင်း၏   ဖိအားပေးလာချိန်တွင် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ ၆၆ မိနစ်တွင် သြစတြေးလျအသင်း အနိုင်ဂိုးရခဲ့ပြီး ဖာဖီက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းချေပဂိုးရရန် ကြိုးပမ်းသော်လည်း    သြစတြေးလျအသင်းက အနိုင်ရလဒ်ထိန်းကစားသွားပြီး ချန်ပီယံဆုရယူသွားခဲ့သည်။  မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ချန်ပီယံဆုနှင့် လွဲချော်ခဲ့သော်လည်း အကောင်းဆုံးကြိုးစားခဲ့သလို နောက်ဆုံးအချိန်အထိ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် ချီးကျူးရမည်ဖြစ်သည်။ တတိယနေရာလုပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းက ထိုင်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုရရှိခဲ့သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF