အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲ မြန်မာနှင့် သြစတြေးလျ ဇူလိုင် ၂၉ ရက် ကျင်းပမည်

ဇူလိုင် ၂၈

အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ကို ဇူလိုင် ၂၉ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပထမနေရာအတွက် သြစတြေးလျအသင်းနှင့် အဆုံးအဖြတ်ကစားရမည်ဖြစ်သည်။

အုပ်စု (ခ) နောက်ဆုံးပွဲအဖြစ် မြန်မာနှင့် သြစတြေးလျ၊ မလေးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် တစ်ချိန်တည်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အုပ်စု (ခ) တွင် ပါဝင်သည့်အသင်းများအနက် မြန်မာနှင့် သြစတြေးလျအသင်းသည် နှစ်ပွဲစီကစားအပြီးတွင် ရမှတ် ခြောက်မှတ်စီဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကစားမည့် နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက်သာ အဆုံးအဖြတ်ကစား၇မည်ဖြစ်သည်။ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့မှာ နှစ်ပွဲစလုံးရှုံးနိမ့်ထားသဖြင့် အုပ်စုမှ ထွက်ခဲ့ရပြီဖြစ်သည်။ သြစတြေးလျအသင်းသည် မြန်မာအသင်းထက် ဂိုးကွာခြားချက်အသာရထားသဖြင့် သရေကစားရုံဖြင့် အုပ်စုပထမနေရာရယူနိုင်မည်ဖြစ်သည်။ သြစတြေးလျအသင်းသည် ပြိုင်ပွဲမတိုင်မီက ယူ-၁၅ အသင်းကိုသာ စေလွှတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ယူ-၁၇ ကစားသမားအများစုဖြင့် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း နည်းပြချုပ်ကိုယ်တိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အတည်ပြုထားသည်။ ထို့ကြောင့် မြန်မာအသင်းအနေဖြင့် သြစတြေးလျကို ယှဉ်ကစားနိုင်ရန် ခက်ခဲပြီး ဆီမီးဖိုင်နယ်လည်း တက်ရောက်ပြီးဖြစ်ရာ နောက်တစ်ဆင့်တွင် ထိုင်း သို့မဟုတ် ဗီယက်နမ်နှင့် တွေ့ဆုံနိုင်သဖြင့် အမာခံကစားသမားအချို့ကို အနားပေးဖွယ်ရှိနေသည်။

အုပ်စု (က) တွင် ထိုင်း၊ ဗီယက်နမ်၊ အိမ်ရှင်အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဇူလိုင် ၃၀ ရက်မှ အုပ်စုပွဲများ ပြီးဆုံးမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF