ရန်ကုန်   ဩဂုတ်   ၁၈

၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၉  ရက်တွင် ဗီယက်နမ်နိုင်ငံ၌  ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဩစတြေးလျအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  ဗိုလ်လုပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက  ဟိုင်းဖောင် မြို့ရှိ   Pullman  ဟိုတယ်၌   ကျင်းပရာ  နှစ်ဖက်အသင်း နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့   တက်ရောက်သည်။

မြန်မာအသင်းနည်းပြချုပ် ယုကီတက်ဆုရိုက “သြစတြေးလျဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာကြောင့်   မနက်ဖြန်ကစားရမယ့် ဗိုလ်လုပွဲက ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ နောက်ပြီး သြစတြေးလျဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဗီယက်နမ်ကို ပုံစံကောင်းပြပြီး အနိုင်ရခဲ့တာကြောင့်  သူတို့အသင်းက ကစားသမားအားလုံးကို  သတိထားရမှာဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ကျွန်တော့်အသင်းက  ကစားသမားတွေ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့နဲ့ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။  ဝင်းသိင်္ဂီထွန်းဟာ အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားပါ။ ဒီပြိုင်ပွဲမှာ သွင်းဂိုး ခုနစ်ဂိုးနဲ့  ဂိုးအများဆုံးသွင်းယူထားပါတယ်။     ဝင်းသိင်္ဂီထွန်းရဲ့ စွမ်းဆောင်ရည်ကို  အထူးကျေနပ်မိပါတယ်။  ထို့အတူ အသင်းရှိ အခြားကစား သမားတွေရဲ့   ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုချီးကျူးပါတယ်။   ကစားသမားအားလုံး  ဗိုလ်လုပွဲမှာ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ပြောကြားခဲ့သည်။ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းက    “မနက်ဖြန်ကစားရမယ့် ဗိုလ်လုပွဲက အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအသင်းဟာ အာဆီယံအမျိုးသမီးချန်ပီယံရှစ်မှာ နှစ်ကြိမ်  ဗိုလ်စွဲခဲ့ဖူးပေမယ့်  ဗိုလ်လုပွဲနဲ့ ဝေးကွာနေတာ ၁၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊  ကစားသမားတွေအတွက်  အလွန်အရေးပါတာမို့ ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး  အိမ်ပြန်နိုင်ဖို့   တစ်သင်းလုံး  အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။ ချန်ပီယံဆုရခဲ့ရင်  ပြည်သူတွေ၊  လူငယ်မျိုးဆက်သစ် ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမှာမို့ အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဩစတြေးလျအသင်း နည်းပြချုပ် ဂျိုးပါလတ်ဆီဒက်စ်က  “ မြန်မာအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆုံခဲ့စဉ်က ကျွန်တော့်အသင်းပုံစံက အကောင်းဆုံးမှာ ရှိမနေပါဘူး။ အဲဒီပွဲပြီးနောက်ပိုင်း ကျွန်တော် တို့ဟာ လေ့လာသင်ယူမှု၊ ပြောင်းလဲမှုတွေ လုပ်ခဲ့တာကြောင့်  လက်ရှိမှာတော့ ပုံစံကောင်းတစ်ခု   ရရှိနေပြီဖြစ်ပါတယ်။    ဒီပြိုင်ပွဲက ၁၄ ရက်အတွင်း ၅ ပွဲ ကစားရတာမို့  ကစားသမားတွေအတွက် အလွန်ခက်ပြီး  ကြံ့ခိုင်မှုပြည့်ဝဖို့ မလွယ်ပါဘူး။ ဒီတော့ ကျွန်‌တော်က ပွဲစဉ်တိုင်းမှာ ကစားသမား အပြောင်းအလဲများစွာလုပ်ခဲ့ပါတယ်။  ကစားပုံကိုလည်း   အမျိုးမျိုး ပြောင်းလဲခဲ့တယ်။ ဒါပေမယ့်  ကျွန်တော်လိုချင်တဲ့ပုံစံကို ကစားသမားတွေ သိရှိသွားပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ အပြောင်းအလဲအများကြီး မရှိလောက်ပါဘူး။ မြန်မာအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ထူးချွန်တဲ့ ကစားသမားပါ။ မြန်မာအသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။  ဒါကြောင့်  ကျွန်တော်တို့ သေချာပြင်ဆင်ကစားသွားရမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ဩဂုတ် ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင်  တတိယလုပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်အသင်းနှင့်  ထိုင်းအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင်   ဗိုလ်လုပွဲအဖြစ်    မြန်မာအသင်းနှင့်  ဩစတြေးလျအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲ တွင်  အုပ်စုတွင်းပြိုင်ဘက်ဟောင်း ဩစတြေးလျအသင်းနှင့် ပြန်လည်တွေ့ဆုံနေခြင်းဖြစ်ပြီး  နှစ်ဂိုး - တစ်ဂိုးဖြင့်  အနိုင်ရထားသော်လည်း ဩစတြေးလျအသင်းက   မြန်မာအသင်းကို    အရေးနိမ့်ပြီး နောက် နောက်ပိုင်းပွဲများတွင်  တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပိုင်းပိုမိုကောင်းမွန်လာသည်။  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၀၄ နှင့် ၂၀၀၇ ခုနှစ်တွင် ချန်ပီယံဆုရခဲ့ပြီး ၁၈ နှစ်အကြာတွင် ချန်ပီယံဆု တစ်ကျော့ပြန်ရယူနိုင်ရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်ရှိနေသည်။

ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF