ရန်ကုန် ၂၇ ဖေဖော်ဝါရီ

အာဆီယံနိုင်ငံများက အသိအမှတ်ပြုသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းအောင်လက်မှတ်များ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦးတွင် ကျင်းပသည်။

 

446

 

အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးလင်း၊ PTTEP မှ Mr.Piya Sukhumpanumet (General Manager) တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားသည်။

 

1000

 

၂၀၁၅ ခုနှစ်မှ ၂၀၁၈  ခုနှစ်ထိ ဂဟေဆော်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ခြင်း သင်တန်းနှင့် ပြုပြင်ခြင်းသင်တန်း၊ လျှပ်စစ်သင်တန်းများနှင့် ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ စစ်ဆေးအကဲဖြတ်မှုတို့ဖြင့် သင်တန်းပေါင်း (၄၁) ခုမှ အောင်မြင်ခဲ့သော သင်တန်းသားပေါင်း (၁၂၂၇) ဦးရှိခဲ့ရာ  ၂၀၁၈ ခုနှစ်တွင်လည်း သင်တန်း (၁၆)ခုမှ အောင်မြင်ခဲ့သော သင်တန်းသား (၄၆၄) ဦးကိုလည်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့၍ ၂၀၁၉ ခုနှစ်တွင်လည်း ရွေးချယ်ခံရသော သင်တန်းသား (၆၁၈) ဦးကိုလည်း PTTEP မှ သင်တန်းစရိတ်နှင့် စာမေးပွဲကြေးများကို ထောက်ပံ့ပေးသွားမည်အပြင် အဆင့်မြင့် လျှပ်စစ်ပညာသင်တန်း အသစ် (၂) ခု အပါအဝင် သင်တန်းအမျိုးအစား (၂၁) ခုကိုလည်း ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။

PTTEP မြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာဖြစ်သူ Mr.Piya Sukhumpanument က “PTTEP မြန်မာ့စီမံကိန်းက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလည်ပတ်ဆောင်ရွက်ခဲ့တာ နှစ် (၃၀) ရှိပါပြီ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေးတို့မှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံအတွက် နည်းပညာစွမ်းရည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ သင်တန်းသား (၉၂၉) ဦးကိုသင်တန်း ပို့ချခဲ့ပြီးတော့ (၂၉၈) ဦး စစ်ဆေးအကဲဖြတ် အောင်မြင်ပြီးပါပြီ။ ၂၀၁၉ ခုနှစ်မှာ သင်တန်းသား (၆၁၈) ဦးကိုလည်း ကျွမ်းကျင်သင်တန်းနဲ့ အကဲဖြတ်စစ်ဆေးမှုအတွက် ဆက်လက်ထောက်ပံ့သွားမှာပါ” ဟုပြောသည်။

မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ လုပ်သားအင်အားစု ဖွံဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (PTTEP)၊ MOGE နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာပြည်တွင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ ကျွမ်းကျင်မှု လေ့ကျင်ရေး သင်တန်းကျောင်း (၆) ကျောင်းရှိပြီး ရန်ကုန် (ရန်ကင်း)၊ ရန်ကုန် (မြောက်ဒဂုံ)၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့၊ မန္တလေးမြို့၊ မွန်ပြည်နယ်စက်စဲ၊ ကရင်ပြည်နယ် ဘားအံမြို့ တို့တွင် ကျွမ်းကျင်မှု လေ့ကျင်ရေးသင်တန်းကျောင်းများကို ဖွင့်လှစ်ထားရှိကာ လုပ်ငန်းခွင် လုပ်သားလိုအပ်ချက်အတိုင်း လေ့ကျင်သင်ကြားပေးလျက်ရှိ၍  ပဲခူးတိုင်းဒေသကြီးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရန် မြေနေရာ စီမံဆောင်ရွက်ထားလျက်ရှိသည်။

နောင်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ လုပ်သားကျွမ်းကျင်လေ့ကျင့်ရေး သင်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သင်တန်းကျောင်း (၆)ခုတွင် ရန်ကင်းကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းအား ၁၉၇၂ ခုနှစ်တွင် ဦးစွာဖွင့်လှစ်ခဲ့၍ စက်စဲနှင့် ဘားအံသင်တန်းကျောင်းကို (၂၀၁၈) ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ကျွမ်းကျင်မှု လေ့ကျင်းရေးသင်တန်းကျောင်းများမှ သင်တန်းသား (၄)ထောင်ခန့်ကို မွေးထုတ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် မွေးထုတ်နိုင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှစ၍ ပုဂ္ဂလိကသင်တန်းများဖြစ်သော အခြေခံဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ အဲယားကွန်း တပ်ဆင်သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ တွင်ခုံဖောက်ခုံသင်တန်းတို့မှ တစ်နှစ်လျှင် သင်တန်းသား (၅၀ဝ) ခန့်ကို မွေးထုတ်ခဲ့၍ PTTEP ဖြင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် နှစ်စဉ်သင်တန်းသား (၁၂၀ဝ) ခန့်ထိ လေ့ကျင်သင်ကြားပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာကို ဆက်လက်မသင်နိုင်သော လူငယ်များအတွက် သင်တန်းကာလ (၁) လခွဲဖြင့် သင်ကြားတတ်မြောက်လျက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ်ရရှိပြီး ဆက်လက်လေ့ကျင့် သင်ကြားခြင်းဖြင့် အတတ်ပညာရှင်များအဖြစ် မွေးထုတ်ပေးသောကြောင့် လူငယ်များ အားကိုးအားထားပြုသော သင်တန်းတစ်ခုအဖြစ် စိတ်ဝင်စားလျက်ရှိကာ အာဆီယံနိုင်ငံများ အသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်များကို ၂၀၁၈ ခုနှစ်တွင် တက်ရောက်အောင်မြင်ခဲသည့် သင်တန်းသား (၄၆၄) ဦးအား ယနေ့တွင်ပေးအပ်သည်။

ဓာတ်ပုံ-သန်းစိုး                                                                                             - သန်းထိုက်