ပေါ့ဗေးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ စက်တင်ဘာ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ရှစ်မိနစ်မှာ တိုက်စစ်မှူး အက်ဇီက တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၈၆ မိနစ်မှာ ထရော့ဆက်က တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့အတူ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အက်ဇီ ဟာ ပြီခဲ့တဲ့လက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် လေးပွဲမြောက် ပါဝင်ကစားပြီးချိန်မှာ ပထမဆုံးသွင်းဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဆုဖလား (၁၄) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပေမယ့် ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့ ဆုဖလားနှစ်ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
အခြားသော ကာရာဘောင်ဖလားပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းက ဟက်ဒါဖီးလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ စပါးအသင်းက ဒွန်ကတ်စတာအသင်းကို သုံးဂိုး-ဂိုးမရှိ၊ နယူးကာဆယ်အသင်းက ဘရက်ဖို့ဒ်အသင်းကို လေးဂိုး-တစ်ဂိုး စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


