ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက် နံနက် ၅ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နာမည် ကြီး အာဂျင်တီးနား ယူ-၂၀ နှင့် ကိုလံဘီယာ ယူ-၂၀ အသင်းပွဲစဉ်တွင် အာဂျင်တီးနား ယူ-၂၀ အသင်းက အကြိတ်အနယ်ကစားကာ တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိ ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းကောင်းပြသထားနိုင်သည့် အာဂျင်တီးနားအသင်းသည် ယခု ပွဲစဉ်တွင်လည်း ထပ်မံခြေစွမ်းပြသနိုင်ခဲ့ပြီး အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် ကိုလံဘီယာအသင်းသည် တုံ့ပြန်ကစားပုံ ကောင်းမွန်မှုရှိခဲ့သော်လည်း အသင်းစွမ်းဆောင်ရည်ပိုင်းနှင့် တိုက်စစ်အဆုံးသတ်ပိုင်း လိုအပ်ချက်များစွာရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။
ကိုလံဘီယာအသင်းသည် ပွဲကစားချိန် ၇၉ မိနစ်တွင် အသင်းကစားသမား ဂျွန်ရန်တာရီယာ နှစ်ဝါတစ်နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ထို့နောက် နှစ်သင်းစလုံး လူစားပြောင်းလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း ပွဲကစားချိန်ပြည့်သည်အထိ တစ်ဖက်နှင့် တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် အာဂျင်တီးနားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာအသင်းကို ကျော်ဖြတ်နိုင်ခဲ့သော အာဂျင်တီးနားအသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ တွင် ခြေစွမ်းကျစ်လျစ်မာကျောသည့် မော်ရိုကိုအသင်းနှင့် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ မော်ရိုကိုအသင်းသည် ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် ငါးဂိုး-လေးဂိုးဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာသည့်အသင်းဖြစ်သည်။
အောင်ဇော်


