မောင်စာဂ

 

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သို့ ရောက်ရှိပြန်ပြီ။ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောနေ့ဖြစ်သည်။ ပြည်သူတွေမေ့လို့မရနိုင်ကြ၊ လွမ်းဆွေး တသသဖြစ်နေကြရသည်။ ဇူလိုင်လ ၁၉ ရက်နေ့သို့ရောက်တိုင်း တစ်နိုင်ငံလုံးအနှံ့ အာဇာနည်နေ့အခမ်းအနားများ ကျင်းပ၍ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုကြသည်။ ယခု (၇၂) နှစ်မြောက်အာဇာနည်နေ့ရောက်ပြီဆိုတော့ အာဇာနည်ခေါင်း ဆောင်ကြီးများ လုပ်ကြံခံရမှုနှင့်စပ်လျဉ်း၍ အထူးရာဇဝတ်ခုံရုံး၏ စီရင်ချက်နှင့် အယူခံရုံး၏စီရင်ဆုံးဖြတ်ချက်တို့ကို ပြန်၍ဖတ်ရှုမိသည်။

 

လုပ်ကြံမှုဖြစ်ပွားပုံ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အတွင်းဝန်များရုံး အဆောက်အအုံရှိဦးအောင်ဆန်း၏ရုံးခန်းအတွင်း၌ ဦးအောင်ဆန်းက သဘာပတိအဖြစ်ဆောင်ရွက်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစည်းအဝေးပြုလုပ်သည်။ အမှုဆောင်ကောင်စီ လူကြီးများဖြစ်ကြသော သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မစ္စတာရာဇတ်၊ မန်းဘခိုင်၊ ဦးမြ (ပျော်ဘွယ်)၊ ဦးအောင်ဇံဝေ (တရားလိုပြ သက်သေ -၂)၊ ဦးဘဂျမ်း (တရားလိုပြသက်သေ-၃) နှင့် စော်ဘွားကြီးစဝ်စံထွန်းတို့ တက်ရောက်ကြသည်။ ဦးအောင်ဆန်း၏လက်ဝဲဘက်၌ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ဦးမြနှင့်စဝ်စံထွန်းတို့က နံရံကို ကျောပေး၍ထိုင်ကြသည်။ ဦးအောင်ဆန်း၏ လက်ယာဘက်၌ သခင်မြ၊ မစ္စတာရာဇတ်၊ ဦးဘဝင်း၊ ဦးဘချိုနှင့် မန်းဘခိုင်တို့က နံရံကိုကျောပေး၍ထိုင်ကြသည်။ စားပွဲထိပ်တွင် ဦးအောင်ဆန်းက အလယ်၌ ထိုင်၍ ဦးအောင်ဆန်း၏ လက်ဝဲဘက်၌ အမှုဆောင်ကောင်စီအတွင်းဝန် ဦးရွှေဘော်ကထိုင်သည်။ ဦးအောင်ဆန်း၏လက်ယာဘက်၌ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနမှ ဒုတိယ အတွင်းဝန် ဦးအုန်းမောင်က ထိုင်သည်။

နံနက် ၁၀ နာရီအချိန်ခန့်တွင် ကောင်စီအစည်း အဝေးထိုင်နေကြစဉ် အစိမ်းရင့်ရောင် ယူနီဖောင်းများ ဝတ်ဆင်ထားကြ၍ ပခုံးများတွင် အမှတ် ၁၂ စစ်တပ်တံဆိပ်ဝတ်ဆင်ထားကြသော လူလေးယောက်သည်မောင်းပြန်သေနတ်များကိုင်ဆောင်လျက် ကောင်စီအခန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကြပြီးလျှင်၎င်းတို့၏ ကျည်ဆန်ထိုးပြီး သေနတ်များနှင့် ကောင်စီစားပွဲတွင်ရှိကြသောသူများကို ပစ်ခတ်ကြတော့သည်။ ထိုသို့ ကျူးလွန်ပြီးနောက် အခန်းထဲမှထွက်ခွာပြီး ဗဟိုမုခ်ပေါက်သို့ဆင်းသည့် လှေကားမကြီးဆီသို့ အလျင်တဆောအသွားတွင် မစ္စတာရာဇတ်၏ သက်တော်စောင့် မောင်ထွေးကို တွေ့ကြရာ ခုခံလိမ့်မည်အထင်ဖြင့် ထိုလက်နက်ကိုင် လေးယောက်အနက်မှ တစ်ယောက်က သေနတ်နှင့် ပစ်ချလိုက်သည်။ ထို့နောက်လှေကားအတိုင်းပြေးဆင်းကြသည်။ အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်ထားသူမောင်း၍ လှေကားရင်း မှာ စောင့်နေသောဂျစ်ကားက ထိုလူလေးယောက်ကိုတင်ဆောင်ပြီး အတွင်းဝန်များရုံးအတွင်းမှ စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ဘက်သို့အထွက် ဂိတ်ပေါက်မှ ထွက်သွားကြသည်။

 

ကျဆုံးသူများနှင့် လွတ်မြောက်သူများ

ကောင်စီခန်းအတွင်း သေနတ်ပစ်ခတ်ခြင်းခံရရာ ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မစ္စတာရာဇတ်၊ ဦးအုန်းမောင်နှင့် မောင်ထွေးတို့မှာ ပွဲချင်းပြီးသေဆုံးကြရသည်။ ဦးဘချိုနှင့် စဝ်စံထွန်းတို့ နှစ်ဦးစလုံးမှာ သေစေနိုင်လောက်သော ဒဏ်ရာများရရှိကြရာ ဆေးရုံကြီးသို့ ပို့ဆောင်ခြင်းခံရပြီးနောက် သေဆုံးရ သည်။ ကောင်စီဝင်လူကြီးနှစ်ဦးဖြစ်သော ဦးအောင်ဇံဝေနှင့် ဦးမြ၊ ၎င်းအပြင် ကောင်စီအတွင်းရေးမှူး ဦးရွှေဘော်တို့မှာ ထိခိုက်ဒဏ်ရာ လုံးဝမရရှိကြဘဲ လွတ်မြောက်သွားကြသည်။ ဦးဘဂျမ်းမှာမူ ညာဘက်လက်သြွူကယ်တွင် ကျည်ဆန်မှန်သည့်ဒဏ်ရာရရှိသည်။

 

ခုံရုံးသို့စွဲဆိုမှုတင်သွင်းခြင်း

၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၀ ရက်စွဲပါ မြန်မာနိုင်ငံတော်အစိုးရ တရားရေးဌာန အမိန့်ကြော်ငြာစာအရ ယင်းနေ့မှာပင် အထူးရာဇဝတ်ခုံရုံးကို ဖွဲ့စည်းတည်ထောင်သည်။ တရားခံများအပေါ် စွဲဆိုထားသော ရာဇဝတ်ပြစ်မှုများကို စစ်ဆေးစီရင်ရန် အထူးရာဇဝတ်ခုံရုံးကို၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ရက်စွဲပါ တရားရေးဌာနအမိန့်ကြော်ငြာစာအားဖြင့် အာဏာအပ်နှင်းသည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အစိုးရသက်သေ ဘညွန့် (ဖော်ကောင်) အပါအဝင် တရားခံ ၁၀ ယောက်တို့အပေါ် စွဲဆိုမှုကို ဤခုံရုံးရှေ့မှောက်သို့ တင်သွင်းခဲ့သည်။ အထူးရာဇဝတ်ခုံရုံးတွင် နာယကအဖြစ် ဦးကျော်မြင့်က လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ကလည်းကောင်း ဆောင်ရွက်သည်။ အထူးရာဇဝတ်ခုံရုံးကို အင်းစိန်မြို့နယ်တွင်ရုံးထိုင်စစ်ဆေးသည်။

 

တရားစွဲဆိုခံရသည့်တရားခံများနှင့် ကျူးလွန်မှု

အထူးရာဇဝတ်ခုံရုံးရှေ့မှောက်သို့ မြန်မာနိုင်ငံနန်းရင်းဝန်ဟောင်း ဦးစောနှင့်တကွ ဦးစောထံ၌ နေထိုင်ကြသော ဦးစော၏တပည့်များအနက်မှ တပည့်ကိုးယောက်ဖြစ်ကြသည့် မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီးနှင့်ဘညွန့်တို့ကို ဇူလိုင်လ ၁၉ ရက်နေ့က အတွင်းဝန်များရုံး၌ ဖြစ်ပွားခဲ့သော လူအများအားလုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ရန်အတွက် ရာဇဝတ်မကင်းသည့် ပူးပေါင်းကြံစည်မှုတွင် အတူပါဝင်သက်ဆိုင်သူများအဖြစ်တရားစွဲဆိုတင်ပို့သည်။ ထိုသူများအနက်မှ မောင်စိုး၊ သက်နှင်း၊ မောင်စိန်နှင့် ရန်ကြီးအောင်တို့အပေါ်မှာ ကာယကံမြောက် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်သူများဖြစ်ကြောင်း၊ ပထမတရားခံဦးစောအပါအဝင်အခြားတရားခံများအပေါ်မှာ ပြစ်မှုကျူးလွန်ရန် အားပေးကူညီသူများဖြစ်ကြကြောင်း အဆိုပြုထားသည်။ နောက်ဆုံးဖော်ပြထားသော တရားခံ ဘညွန့်ကိုမူစည်းကမ်းချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုပြီး အစိုးရ သက်သေ (ဖော်ကောင်) အဖြစ် ဆောင်ရွက်ရန် တာဝန်ချထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

 

တရားခံများ၏ ဖြောင့်ဆိုချက်များ

ဤလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် ၁၃ ရက်အကြာ ဩဂုတ်လ ၁ ရက်နေ့တွင် တရားခံ ဘညွန့်သည် အမှုနှင့်စပ်လျဉ်း၍ ၎င်းပါဝင်သိရှိခဲ့ကြသည့် အကြောင်းအချက်များကို ရာဇဝတ်တရားသူကြီးထံဖြောင့်ချက်ပေးခဲ့သည်။ နောင်တွင် အစိုးရသက်သေ (ဖော်ကောင်) ဖြစ်လာသည်။ ဩဂုတ်လ ၂ ရက်နေ့တွင်တရားခံ ရန်ကြီးအောင် ဖြောင့်ချက်ပေးသည်။ ထို့နောက်တရားခံ သုခ၊ မောင်စိန်၊ မောင်နီနှင့် ခင်မောင်ရင်တို့ကလည်း အသီးသီးဖြောင့်ချက်ပေးကြရာ စွဲဆိုခဲ့သောတရားခံကိုးဦးအနက်မှ တရားခံ ငါးယောက်တို့က ဖြောင့်ဆိုချက်များပေးခဲ့ကြသည်။

အစိုးရသက်သေ (ဖော်ကောင်) ၏ ဖြောင့်ချက်နှင့်ရုံးရှေ့ထွက်ဆိုချက်၊ တရားခံငါးဦး၏ ဖြောင့်ချက်ပါအချက်များ၌ ဇွန်လကုန်ခါနီးတွင် ဦးစော၏ဘုရားကျောင်းဆောင်အတွင်း ဘုရားဆင်းတုတော်များရှေ့၌ ကျေးဇူးသစ္စာစောင့်သိရိုသေပါမည်ဟု ကျိန်ဆိုရကြောင်း၊ ထိုသို့ကျိန်စာဆို၍ သစ္စာခံယူပြီးနောက် ချက်ချင်းပင် သစ္စာခံယူကြသူတစ်ဦးစီက မိမိကိုယ်ကို မိမိသတ်သေကြောင်းကို ကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်ကို သစ္စာဖောက်လိုက်ပြီဖြစ်သောကြောင့် ကျွန်ုပ်ကိုယ်ကိုကျွန်ုပ်ကိုယ်တိုင် စီရင်လိုက်ပါသည်ဟူ၍ ရေးသားလက်မှတ်ထိုးလိုက်ရပုံ၊ လုပ်ကြံသတ်ဖြတ်ခြင်းကိုနောက်နေ့နံနက်တွင် ပြီးမြောက်အောင်ဆောင်ရွက်ကြရန်အတွက် ဦးစောက ဇူလိုင်လ ၁၈ ရက်နေ့တွင်ပြောကြားပုံ၊ အကျိုးဆောင်ကောင်စီလူကြီးများကိုမောင်စိန်၊ သက်နှင်း၊ မောင်စိုးနှင့် ရန်ကြီးအောင်တို့က သေနတ်များဖြင့် ပစ်ခတ်ရမည်ဖြစ်ကြောင်းနှင့် သခင်နုကို ဘညွန့်က သေနတ်ဖြင့်ပစ်ခတ်ရန် ဦးစောက အမိန့်ပေးပုံ၊ ပြည် လမ်းရှိအင်္ဂလိပ်လူမျိုး စစ်တပ်အရာရှိကြီး၏အိမ်၌ ကောက်တေးပါတီအရက်သောက်ပွဲ ကျင်းပသောည၌ ဦးအောင်ဆန်းကို သေနတ်ဖြင့်သွားပစ်ရန်ဦးစောက ခင်မောင်ရင်အား တာဝန်ပေးညွှန်ကြားပုံ၊ ဦးအောင်ဆန်း ထိုပွဲသို့ ကားနှင့်ရောက်လာသည်ကိုမြင်ခဲ့ငြားလည်း ထိုကျင်းပသောပွဲသို့ ဦးအောင်ဆန်း မတက်ရောက်ပါဟု ခင်မောင်ရင်က ဦးစောထံပြန်သွားပြီး လိမ်လည်ပြောကြားခဲ့ပုံများပါရှိသည်။

ဤသည်မှာ ဖြောင့်ချက်များပါ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ သက်ဆိုင်ရာ ဖြောင့်ချက်များတွင်တရားခံများက ၎င်းတို့ပါဝင်ခဲ့သမျှ ပြည့်ပြည့်စုံစုံ ထွက်ဆိုသွားကြသည်။ ဖြောင့်ချက်များသည် တရားခံများက ၎င်းတို့၏ဆန္ဒအရ အလိုအလျောက်ပေးသော ဖြောင့်ချက်များဖြစ်ကြောင်း ပေါ်ပေါက်သည်။

 

သက်သေခံချက်၊ ဖြောင့်ချက်များ၏တန်ဖိုးနှင့်ခုံရုံးသုံးသပ်ချက်

အစိုးရသက်သေ (ဖော်ကောင်)ကပေးသော သက်သေခံချက်၏ သက်သေခံတန်ဖိုးကိုလည်းကောင်း၊ တရားခံငါးယောက်တို့က ပေးထားသော ဖြောင့်ချက်များ၏ တန်ဖိုးကိုလည်းကောင်း အထက်၌ဖော်ပြခဲ့သည့်အတိုင်း အကဲဖြတ်ပြီးဖြစ်သည်။ ယခု မပြုမပြီးလိုအပ်သည်မှာ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်များရုံး၌ ကာယကံမြောက်ကျူးလွန်ပါဝင်ခဲ့ကြသော လူသတ်သမားများအတွက် တာဝန်သတ်မှတ်ခြင်းခံရ မည့် တရားခံများမှအစပြု၍ တရားခံတစ်ဦးစီ၌ အပြစ်ရှိသည်၊ မရှိသည်ကို စိစစ်ရန်ဖြစ်သည်။ ဤသည်မှာ အထူးရာဇဝတ်ခုံရုံး၏ စီရင်ချက်ပါ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အထူးရာဇဝတ်ခုံရုံးသည် တရားလိုဘက် သက်သေ ၈၀ ခန့်နှင့် တရားခံဘက် သက်သေ ၃၀ ခန့်တို့ကိုစစ်ဆေးခဲ့သည်။ နှစ်ဖက်သောသက်သေများ၏ အစစ်ခံထွက်ဆိုချက်များ၊ အစိုးရသက်သေ (ဖော်ကောင်) ၏ ထွက်ဆိုချက်နှင့် တရားခံငါးဦးတို့၏ ဖြောင့်ဆိုချက်များ၊ ရုံးရှေ့ထွက်ဆိုချက်များနှင့် သက်သေခံပစ္စည်း အထောက်အထားများအပေါ် ကျယ်ပြန့်စွာ သုံးသပ်ဆင်ခြင်မှုပြုပြီးနောက် တရားခံများအပေါ် ပြစ်မှုထင်ရှားတွေ့ရှိခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းများ ပြုလုပ်ခဲ့သည်။

 

စီရင်ချက်အမိန့်

တရားခံ မောင်စိုး၊ သက်နှင်း၊ မောင်စိန်နှင့် ရန်ကြီးအောင်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၄ နှင့် ယှဉ်တွဲဖတ်ရသည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ်ထိုက်သင့်သော အကြံတူဉာဏ်တူ ပူးပေါင်း ကျူးလွန်ခဲ့သည့် လူသတ်မှုအတွက်အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီးလျှင် ဆိုခဲ့သည့်တရားခံများအပေါ် သေစေပြစ်ဒဏ်ချမှတ်လိုက်သည်။

တရားခံ ဦးစော၊ သုခ၊ ခင်မောင်ရင်၊ မောင်နီနှင့်မှုံကြီးတို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နှင့် ယှဉ်တွဲဖတ်ရသော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ ရာဇဝတ်မှုများကျူးလွန်ရန် အားပေးကူညီမှုအတွက်အပြစ်ရှိကြကြောင်း စီရင်ဆုံးဖြတ်ပြီးလျှင် တစ်ဦးစီအပေါ် သေစေပြစ်ဒဏ်ချမှတ်လိုက်သည်။ ဤသည်တို့မှာ အထူးရာဇဝတ်ခုံရုံး၏စီရင်ချက်ပါ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

အထူးရာဇဝတ်ခုံရုံးသည် ပြစ်ဒဏ်စီရင်ချက်များကိုဖတ်ကြားပြီးနောက် ထိုသို့ ပြစ်မှုထင်ရှား စီရင်ခံရသူများသည်အယူခံဝင်လိုကြပါက ပြစ်ဒဏ်စီရင်ချမှတ်သည့်နေ့ဖြစ်သော ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ခုနစ်ရက်အတွင်း အယူခံဝင်နိုင်ကြသည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

အယူခံဝင်ရောက်ခြင်း

တရားခံ ဦးစောပါ ကိုးဦးတို့သည် အထူးရာဇဝတ်ခုံရုံးက ချမှတ်သည့် စီရင်ချက်အမိန့်အပေါ် ကျေနပ်မှုမရှိသဖြင့် တရားလွှတ်တော်သို့ အယူခံဝင်ရောက်ခဲ့သည်။ တရားလွှတ်တော်က အယူခံတရားခံများအားလုံးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)အရ ပြစ်မှုထင်ရှားတွေ့ရှိကာ ပြစ်ဒဏ်စီရင်ခြင်းနှင့် စပ်လျဉ်း၍ အထူးရာဇဝတ်ခုံရုံး၏ သေဒဏ်ချမှတ်ခဲ့သည်ကို ဆက်လက်အတည်ပြုသည်။ အယူခံလျှောက်လွှာကိုပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ [၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ ၂၁၇]

တရားခံ ခင်မောင်ရင်အပေါ် ချမှတ်ထားသော သေဒဏ်ကို ၁၉၄၈ ခုနှစ် မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ တရားခံ သုခနှင့်မောင်နီတို့အပေါ် ချမှတ်ထားသောသေဒဏ်ကို ၁၉၄၈ ခုနှစ်မေလ ၆ ရက်နေ့တွင်လည်းကောင်း တစ်သက်တစ်ကျွန်းဒဏ်သို့သမ္မတက လွှဲပြောင်းလျှော့ပေါ့ပေးသည်။ ကျန်တရားခံများအပေါ် ချမှတ်ထားသော သေဒဏ်ကို စီရင်ရန်ဖြစ်သည်။

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက် အရုဏ်တက်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ကို အင်းစိန်အကျဉ်းထောင်၌ ကြိုးပေးခဲ့သည်။ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ဗဟိုအကျဉ်းထောင်အတွင်း၌ တစ်ချိန်တည်းလို ကြိုးပေးခဲ့သည်။

 

နိုင်ငံတော်လုပ်ကြံမှု

ယခုဖြစ်ပွားသော လုပ်ကြံမှုသည် သာမန်လုပ်ကြံမှုမဟုတ်ပါ။ မြန်မာနိုင်ငံတော်သစ်ကို ထူထောင်သော တိုင်းချစ်ပြည်ချစ်၊လူထုချစ်သော ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံခြင်းကြောင့် နိုင်ငံတော်ကို လုပ်ကြံခြင်းမြောက်သည်။ ထို့ကြောင့် နိုင်ငံတော်လုပ်ကြံမှုကြီးဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဤသည်မှာ နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် စပ်လျဉ်း၍ မူလတရားရုံးဖြစ်သည့် အထူးရာဇဝတ်ခုံရုံး၏ စီရင်ချက်နှင့် အယူခံရုံး၏ စီရင်ဆုံးဖြတ်ချက်တို့ကို ဖတ်ရှုလေ့လာပြီး ဥပဒေကြောင်းအချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် မေလ ၁ ရက်နေ့ထုတ် ]အိုးဝေ} သတင်းစာ၏ ] ဤမိုးနှင့်ဤမြေ} အခန်းတွင် မောင်သုမနက ]ဗမာ့ဝဋြွေ်ကး} ဟုခေါင်းစဉ်တပ်၍ ရေးသားခဲ့သည်များမှ အောက်ပါစာပိုဒ် ၂ပိုဒ် ကိုကောက်နုတ်ဖော်ပြ၍ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

“ဒီအမှုကြီးကို အစအဆုံး တရားအတိုင်းစီရင်ပြီးရင် အမိမြန်မာပြည်ကြီးဟာ နောင်အခါမှာ ဒီလိုပူဆွေးဒုက္ခမျိုး ဘယ်တော့မှ မရောက်ပါစေနဲ့လို့ လှိုက်လှဲစွာ ဆုတောင်းပါတယ်။ ဒီလိုအဖြစ်မျိုးကို နောင်များမဖြစ်ကြရအောင် နိုင်ငံရေး ခေါင်းဆောင်လုပ်သူများ အထူးသတိပြုကြပါခင်ဗျား” “တမလွန်ဘဝတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးစော ပြန်လည်မိတ်ဆက်ကာ လွတ်လပ်တဲ့မြန်မာပြည်၌ ညီရင်းအစ်ကိုများအဖြစ် ပြန်လည်မွေးဖွားပြီး တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ဆုတောင်းပါတယ်။ လွတ်လပ်သော မြန်မာပြည်ကြီး တည်တံ့ပါစေသော်။” ကြေးမုံ