နေပြည်တော် နိုဝင်ဘာ ၃၀
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
တက်ရောက်
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ နိုင်ငံတကာသံတမန်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် အာကာသပြတိုက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ပြတိုက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယခင်နက္ခတ်တာရာပြခန်းတွင် အသုံးပြုခဲ့သော GOTO Planetarim Analog Projection System အား ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အာကာသပြတိုက် (ရန်ကုန်) ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက် ရောက်လာကြသူများသည် ပြတိုက်အတွင်းရှိ Deep Space Explo-ration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အာကာသတွင်းသို့ ခေတ်အဆက်ဆက် လွှတ်တင်ခဲ့သည့် ဒုံးပျံများနှင့် အာကာသယာဉ်ပုံစံငယ်များ၊ အာကာသတွင်း လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှု သရုပ်ပြသမှုများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ ယနေ့တွင် အာကာသပြတိုက် (ရန်ကုန်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်ရှိသည့် ကျောင်းသား ကျောင်းသူ၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် စာအုပ်များတွင် ဖတ်ခဲ့ရသည့်၊ ရုပ်သံများတွင် မြင်တွေ့ခဲ့ရသည့် အာကာသတွင်း စေလွှတ်မည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာမည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာမည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို ယခုပြတိုက်အတွင်း၌တစ်စု တစ်စည်းတည်း စူးစမ်းလေ့လာခွင့် ရနိုင်တော့မည်ဖြစ်ကြောင်း။
အာကာသပြတိုက်ကို မိမိတို့နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ အာကာသနှင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများကို နိုးကြားစေမည့်၊ ၎င်းတို့ သင်ကြားနေသည့် ကျောင်းသင်ခန်းစာများကို ကျော်လွန်ပြီး အာကာသနှင့် သိပ္ပံဆိုင်ရာ အိပ်မက်အသစ်များကို မွေးဖွားပေးမည့် နေရာတစ်ခုဖြစ်လာစေရေးအတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် အာကာသသိပ္ပံပညာနှင့် အသုံးချနည်းပညာများသည် တစ်နေ့တခြား ပိုမိုအရေးပါလာသည် ဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် အာကာသနည်းပညာများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း။
အာကာသပြတိုက်မှ ရရှိလာသည့် အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းများနှင့် လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မည့် အနာဂတ်၏ အာကာသယာဉ်မှူးများ၊ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကဏ္ဍအလိုက် ပညာရှင်များလည်း ပေါ်ထွက်လာမည်ဟု ယုံကြည်မိကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့ ၁၉၈၇ ခုနှစ်က ပူးပေါင်းတည်ဆောက်ခဲ့သည့် နက္ခတ်တာရာပြခန်းကို ယခုကဲ့သို့ အာကာသပြတိုက်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခင်အသုံးပြုခဲ့သည့် စက်ပစ္စည်း Analog Proje-ction System များနေရာတွင် ခေတ်မီစက်ပစ္စည်းများဖြစ်သည့် Digital Projection System များဖြင့် အစားထိုးလဲလှယ်ခြင်း၊ အာကာသနှင့် နက္ခတ်တာရာဆိုင်ရာပြခန်းများ၊ အာကာသစခန်းများနှင့် အခြားအာကာသ နည်းပညာဆိုင်ရာပြခန်းများ အစရှိသည့် စိတ်ဝင်စားဖွယ် ပြခန်းနေရာများကို ထပ်မံထည့်သွင်း ပြသခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးရေး ကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေတို/ ရေရှည် စီမံကိန်းများသတ်မှတ်ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့ အာကာသနည်းပညာလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယင်းနေရာတွင် သာဓကတစ်ခုအနေဖြင့် စက်တင်ဘာလက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆီးရီးယပ်မြို့တွင် ကျင်းပခဲ့သည့် Open World Astronomy Olympiad (OWAO-25) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ် ခြောက်ဦးနှင့် International Olympiad on Climate Change and Environmental Issues (IOCE-2025) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ် ငါးဦး စုစုပေါင်း လူငယ် ၁၁ ဦးကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ သက်ဆိုင်ရာ ပြိုင်ပွဲများအလိုက် ထိုက်တန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှုအသီးသီးဖြင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
နည်းပညာခေတ်ဖြစ်သည့် ယနေ့မျက်မှောက်ကာလတွင် အာကာသနှင့် ဂြိုဟ်တုနည်းပညာများသည် အချိန်နှင့်အမျှ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး လူသားမျိုးနွယ်၏အကျိုးကို ဖော်ဆောင်ပေးနိုင်မည့် အာကာသသုတေသန လုပ်ငန်းများကို အပြိုင်အဆိုင် ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ သုတေသနလုပ်ငန်းများမှ ရရှိလာသည့် အကျိုးရလဒ်များဖြစ်သည့် အာကာသသိပ္ပံနှင့် အသုံးချနည်းပညာ၊ ဂြိုဟ်တုနည်းပညာများကို နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နိုင်ငံ့စွမ်းအားကို ဖြစ်စေမည့် ဘက်စုံအခန်းကဏ္ဍအသီးသီးတွင် အကျိုးရှိစွာ အသုံးချနေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ အလွန်အရေးပါသည့် အာကာသသိပ္ပံနှင့် နည်းပညာရပ်များတွင် နိုင်ငံတကာနှင့်ယှဉ်ပြီး ရင်ပေါင်တန်းနိုင်ရန်၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် မျိုးဆက်သစ် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း။
ယနေ့တွင် အာကာသပြတိုက်ကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သောကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျက်မှောက်ခေတ်အာကာသနယ်ပယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းအသစ်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး စိတ်ကူးစိတ်သန်းများကို မွေးဖွားကာ အကောင်အထည်ဖော် ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလ အာကာသအသုံးချနယ်ပယ်အသီးသီးတွင် နိုင်ငံတော်က ဂုဏ်ယူအားထားရမည့် သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ အာကာသယာဉ်မှူးများ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် နိုင်ငံတကာမှ သံတမန်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အာကာသနှင့် နက္ခတ်တာရာဆိုင်ရာ Dome Video Clip အား ကြည့်ရှုကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် သံတမန်များက အာကာသပြတိုက် (ရန်ကုန်) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြသည်။
အဆိုပါ အာကာသပြတိုက် (ရန်ကုန်) သည် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် အဆင့်မြှင့်တင် ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်အတွင်း Deep Space Explora-tion ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


