ကျိုင်းတုံ ၁၁ သြဂုတ် 

အာခါတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းဒါန်းစီးပွဲကို သြဂုတ် ၁၀ ရက်က ကျိုင်းတုံမြို့ အမှတ် (၁)ရပ်ကွက်၊ အမေ့ရင်ခွင် ကိုယ်ပိုင်ကျောင်းဝင်း၌ ကျင်းပသည်။

 

002

 

"စည်းလုံးမှုကို အခြေခံပြီး အာခါတိုင်းရင်းသားတို့ရဲ့ ကြီးမြတ်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုးထားတဲ့ စပါးပင်တွေ အညွှန့်ထွက်လာချိန် ရွာထိပ်မှာ ဒါန်းဆင်ပြီး လူကြီး၊ လူငယ်မကျန် ဧည့်သည်များကို ဖိတ်ခေါ်တယ်၊ စပါးသီးပါပြီ မြင်းမြှီးသမျှ ကြီးပါပြီလို့ မင်္ဂလာအရာကိုလည်ကောင်း၊ မိမိနှစ်သက်သူဖြင့် ညားမည်ဆိုရင် တောင်ကြီး တစ်ခြမ်းလုံးကို စပါးခင်းကြီးဖြစ်အောင် လုပ်ဆောင်မယ်လို့ သတ္တိအရာ ပြောင်မြောက်ကြောင်းကိုလည်ကောင်း ရေးဖွဲ့ထားတဲ့ သီချင်းရွတ်ဆိုကာ ဒါန်းကို အမြင့်ဆုံးလွှဲ ပျော်ရွင်စွာ စီးကြခြင်း ဖြစ်ပါတယ်၊ တစ်အူထုံဆင်း ညီအစ်ကိုမောင်နှမများပမာ ဒါန်းကြိုးကို စံထားစည်းလုံးမှု အခြေခံပြီး မည်သူမဆို ပါဝင်ဆင်နွဲနိုင်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်" ဟု အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးမင်ညိုက ပြောသည်။

 

003

 

အဆိုပါ ပွဲတော်အား နံနက် ၁၀ နာရီတွင် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ပြည်နယ်ဝန်ကြီး ဦးအာဗေလ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊  အာခါရိုးရာ  ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးမင်းညိုတို့က ဒါန်းစီးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

 

004

 

ပွဲတော်တွင် အာခါတိုင်းရင်းသား အကြီးအကဲ ဖျိမာ ဦးချစ်မုံ့က ဒါန်းတော်အား ပထမဦးဆုံး စီးနင်းမင်္ဂလာပြုပေးကာ ဆက်လက်၍ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးနှင့် ဧည့်သည်တော်များက ဒါန်းတော်စီးနင်း မင်္ဂလာ ပြုကြပြီး အာခါရိုးရာ အသုံးအဆောင် ပြခန်းနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)