ဒီဇင်ဘာ ၂၂

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ ရွှံ့အိမ်တစ်လုံး၏ အမိုးပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်ရပ်သည် ခါခရက်ဇ်ခရိုင်တွင် ဖြစ်ပွားခဲ့ပြီး မိသားစုဝင်အားလုံး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အာဖဂန်နစ္စတန်၏ မိုးရွာသွန်းမှုများအတွင်း ထိုကဲ့သို့သော ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ အဖြစ်များပြီး နေအိမ်ပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကဲ့သို့သော ရာသီဥတုနှင့်ဆက်စပ်သော ဖြစ်ရပ်များသည် ပျက်စီးလွယ်သော အိမ်ရာအဆောက်အအုံများ၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံများနှင့် ကြိုတင်သတိပေးစနစ်များ အကန့်အသတ်ရှိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို