ကဘူးလ် အောက်တိုဘာ ၁၅
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် နယ်စပ်ဒေသ၌ အောက်တိုဘာ ၁၅ ရက်တွင် တင်းမာမှုများမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံးခဲ့သည်ဟု အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက တောင်ပိုင်း ကန်ဒဟာပြည်နယ် နယ်စပ်ဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသည်ဟု တာလီဘန်တို့က ပြောသည်။ တာလီဘန်တို့ဘက်မှလည်း သေဆုံးသူ ၁၅ ဦးမှ ၂၀ကြားရှိသည်ဟု ပါကစ္စတန်က ပြောသည်။
သီတင်းပတ်ကုန်တွင် ပြင်းထန်သည့် ပဋိပက္ခများဖြစ်ပေါ် ခဲ့ပြီးနောက်နှစ်ဖက်စလုံး အပြန်အလှန် အပြစ်တင်လျက်ရှိသည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာသည့်အချိန်မှစတင်ကာ အစွန်းရောက်အုပ်စုများသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် နယ်စပ်ဖြတ်ကျော်လာသည်ဟု ပါကစ္စတန်က ပြောသည်။
နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် နယ်စပ်တင်းမာမှုများကို လျှော့ချရန် ၄၈ နာရီကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ


