မော်ရိုကိုညာခံစစ်ကစားသမား အက်ရှ်ရက်ဟာကီမီသည် မော်ရိုကိုနိုင်ငံ၏ မြို့တော် ရာဘတ်မြို့၌ ကျင်းပသည့် အာဖရိကဘောလုံးအဖွဲ့ချုပ် ဆုပေးပွဲတွင် ၂၀၂၅ ခုနှစ်အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် အဆိုပါ ညာခံစစ်ကစားသမား ဟာကီမီသည် အီဂျစ်အသင်းခေါင်းဆောင်    မိုဟာမက်ဆာလာနှင့်    နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုစင်မန်တို့ကို ကျော်ဖြတ်ကာ   အဆိုပါဆုကို   ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။   ၎င်းသည်   ပြီးခဲ့သည့်ရာသီတွင်  ပီအက်စ်ဂျီအသင်းကို   ပြင်သစ်ဖလား၊  ချန်ပီယံလိဂ်ဖလားတို့ကို   ဆွတ်ခူးရရှိ အောင် စွမ်းဆောင်ပေးထားနိုင်သည်။

ထို့အပြင် ၎င်းသည် ယူအီးအက်ဖ်အေ စူပါဖလား၊  Coupe de France ဖလား၊ ပြင်သစ်စူပါဖလားတို့ကို ဆွတ်ခူးရရှိထားသည်။   ထို့အပြင်   မော်ရိုကိုအမျိုးသမီးအသင်းခေါင်းဆောင် ဂီလိန်းချီဘက်သည် တစ်နှစ်တာအကောင်းဆုံး   အမျိုးသမီးကစားသမားဆုကို     ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါဆုသည် မော်ရိုကို အမျိုးသမီးအသင်း  သမိုင်းတစ်လျှောက်   ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

တစ်နှစ်တာအကောင်းဆုံး အမျိုးသားဂိုးသမားဆုကို မော်ရိုကိုဂိုးသမား ယာရှင် ဘွန်နူးနှင့်   တစ်နှစ်တာ  အကောင်းဆုံးအမျိုးသမီးဂိုးသမားဆုကို နိုင်ဂျီးရီးယားအသင်းမှ ချီယာမာကာ အင်နာဒိုဇီက ရရှိခဲ့သည်။ ထို့အပြင် တစ်နှစ်တာအကောင်းဆုံး  လူငယ်အမျိုးသားဆုကို  မော်ရိုကိုအသင်းမှ အော့သမန်မာအမ်ဝါနှင့် တစ်နှစ်တာအကောင်းဆုံး လူငယ်အမျိုးသမီးဆုကို   မော်ရိုကိုအသင်းမှ   ဒိုဟာအယ်လ် မာဒါနီက ရရှိခဲ့သည်။             

အောင်ဇော်