ရန်ကုန် ဩဂုတ် ၂၅
၂၀၂၅-၂၀၂၆ ရာသီ အာရှ အမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စု(က) ပထမနေ့ကို သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံ အသင်းက ဂူအမ်အမျိုးသမီး ကလပ် Strykers အသင်းကို ကိုးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ်သလို လက်ရွေးစင်၊ လူငယ်လက်ရွေးစင် ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အား/ကာသိပ္ပံအသင်းသည် အခြားကလပ်များမှ လက်ရွေးစင်ကစားသမားငါးဦးကို ကာလတို စာချုပ်ဖြင့် အငှားခေါ်ယူအသုံးပြုနေသောကြောင့် ပြိုင်ဘက်အသင်းထက် ခြေစွမ်းပိုင်း သိသိသာသာ အသာရကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အား/ကာသိပ္ပံအသင်းသည် ခင်မာလာထွန်း၊ ဇူးလတ်နဒီ (ဂိုး)၊ မိုးမမစိုး၊ ဖြူဖွေး၊ ဖြူဖြူဝင်း၊ လင်းမြင့်မိုရ်၊ ရွှေရည်ထွန်း၊ လင်းလဲ့ဦး၊ ယဉ်လွန်းအိမ်၊ ဟေမာန်စိုး၊ မေထက်လူတို့ဖြင့် ပွဲထွက်လာပြီး ပွဲအစ ငါးမိနစ်မှာပင် ပြိုင်ဘက်ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အဖွင့်ဂိုးရခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် အား/ကာသိပ္ပံအသင်းက ဆက်တိုက်ဖိကစားလာပြီး ၈ မိနစ်တွင် ယဉ်လွန်းအိမ်၊ ၁၂ မိနစ်တွင် မေထက်လူ၊ ၁၆ မိနစ်တွင် လင်းမြင့်မိုရ်၊ ၁၈၊ ၃၀ မိနစ်တွင် ဖြူဖြူဝင်း၊ ၄၄ မိနစ်တွင် ရွှေရည်ထွန်းတို့က ဂိုးများထပ်မံသွင်းယူသဖြင့် ပထမပိုင်းအပြီးတွင် ခုနစ်ဂိုးပြတ် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် အား/ကာ သိပ္ပံအသင်းက ကစားသမားများပြောင်းလဲခဲ့ပြီး ပွဲပြီးခါနီးတွင် အနိုင်ဂိုး များ ထပ်မံသွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၈၇ မိနစ်တွင် စန်းသော်သော်နှင့် ၈၉ မိနစ်တွင် မိုးမိုးသန်းတို့က သွင်းယူခဲ့သည်။
အား/ကာသိပ္ပံအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်း၊ မွန်ဂိုလီးယားကလပ် Khovd Western အသင်း၊ ဂူအမ်ကလပ် Strykers အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၂၈ ရက်တွင် မွန်ဂိုလီးယားကလပ် Khovd Western အသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


