နေပြည်တော်  ဩဂုတ် ၂၈

၂၀၂၅-၂၀၂၆   ရာသီ   အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲအုပ်စု  ဒုတိယနေ့ကို   သြဂုတ် ၂၈ ရက်က  ဆက်လက်ကျင်းပရာ  မြန်မာကလပ်  အား/ကာသိပ္ပံအသင်းက မွန်ဂိုလီးယားကလပ် Khovd Western  အသင်းကို ရှစ်ဂိုးပြတ်  အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးကလပ် အား/ကာ   သိပ္ပံအသင်းသည် နှစ်ပွဲဆက်   ဂိုးပြတ်အနိုင်ရလဒ်ကြောင့်     ခြေစစ်ပွဲအောင်မြင်ရေး အခွင့်အရေးကောင်းလာပြီး  ဖိလစ်ပိုင်ကလပ်အသင်းနှင့် နောက်ဆုံးပွဲတွင်  အဆုံးအဖြတ်ကစားရမည်ဖြစ်သည်။ လက်ရွေးစင်ကစားသမားအများစုပါဝင်နေသည့် အား/ကာသိပ္ပံအသင်းသည် မွန်ဂိုလီးယားကလပ်အသင်းထက် အစစအရာရာသာလွန်ခဲ့ပြီး ခြေပြတ်ဂိုးပြတ်   အနိုင်ရခဲ့ခြင်းဖြစ်သည်။

အား/ကာသိပ္ပံအသင်းသည် ပထမပိုင်းတွင် လေးဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ပြီး ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။  ပွဲအစသုံးမိနစ်တွင်  နောက်တန်းအစွန်လူ နှင်းပွင့်အေးက ထောင့်မှ ဂိုးထဲသို့ တိုက်ရိုက်ကန်သွင်းပြီး ပထမဂိုး၊  ခြောက်မိနစ်တွင်  မေထက်လူက  ဒုတိယဂိုးသွင်းယူကာ  ပွဲအစခြောက်မိနစ်အတွင်း  နှစ်ဂိုးရသွားသဖြင့် မွန်ဂိုလီးယားကလပ်အသင်း ယှဉ်ကစားနိုင်ရန် ခက်ခဲသွားသည်။  ၃၂ မိနစ်တွင် ရွှေရည်ထွန်း၊ ၃၈ မိနစ်တွင် လင်းမြင့်မိုရ်တို့က ဂိုးများ ထပ်မံသွင်းယူကာ ပထမပိုင်းအပြီးတွင် အား/ကာသိပ္ပံအသင်းက လေးဂိုးပြတ် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် အား/ကာသိပ္ပံအသင်းက ကစားသမားများပြောင်းလဲသော်လည်း     ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး  အနိုင်ဂိုးများကို ၄၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် စန်းသော်သော်၊ မိနစ် ၅၀ တွင်  စန္ဒာလင်း၊ ၆၄ မိနစ်တွင်   ပယ်နယ်တီမှတစ်ဆင့် ဖြူဖြူဝင်း၊ ၆၈ မိနစ်တွင် လင်းမြင့်မိုရ်တို့က သွင်းယူခဲ့သည်။

အုပ်စု(က) တွင် မြန်မာကလပ် အား/ကာသိပ္ပံအသင်းနှင့် ဖိလစ်ပိုင်ကလပ် Stallion Laguna  အသင်းတို့က  ခြောက်မှတ်စီရထားပြီး မွန်ဂိုလီးယားကလပ် Khovd Western   အသင်းနှင့်   ဂူအမ်ကလပ် Strykers အသင်းတို့မှာ  နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အား/ကာ သိပ္ပံအသင်းသည် နောက်ဆုံးပွဲအဖြစ် သြဂုတ် ၃၁ ရက်တွင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းနှင့် ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲဖြစ်နေသည်။

ရဲရင့်လွင်၊  ဓာတ်ပုံ-သော်ကြီး