ရန်ကုန် စက်တင်ဘာ ၈
၂၀၂၅-၂၀၂၆ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအုပ်စုသုံးခုကို မြန်မာ၊ တရုတ်နှင့် ဗီယက်နမ်ကလပ်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။
နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး တိုက်ရိုက်ကစားခွင့်ရ ရှစ်သင်း၊ ခြေစစ်ပွဲအောင် လေးသင်း ပါဝင်နေသည်။ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သြစတြေးလျ ကလပ် မဲလ်ဘုန်းစီးတီးအသင်း၊ တောင်ကိုရီးယားကလပ် ဆူဝမ်အသင်း၊ တရုတ်ကလပ် ဝူဟန်ကျန်ဒါအသင်း၊ ဂျပန်ကလပ် တိုကျိုဗာဒီအသင်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ အီရန်ကလပ် ဘမ်ခါတွန်အသင်း၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း၊ မြောက်ကိုရီးယားကလပ် နာဂိုယန်အသင်းတို့က တိုက်ရိုက်ကစားခွင့်ရခဲ့ကာ မြန်မာကလပ် အား/ကာ သိပ္ပံအသင်း၊ စင်ကာပူကလပ် Lion City Sailors အသင်း၊ ဥဇဘက်ကစ္စတန်ကလပ် နာဆာဖ်အသင်း၊ ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းတို့က ခြေစစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးအဆင့် အုပ်စုပွဲများကို လေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် အား/ကာသိပ္ပံအသင်း၊ လက်ရှိချန်ပီယံ တရုတ်ကလပ် ဝူဟန်ကျန်ဒါအသင်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံအသင်းသည် ခြေစစ်ပွဲတွင်လည်း အုပ်စုပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သလို နောက်ဆုံးအဆင့် အုပ်စုပွဲကိုလည်း ထပ်မံကျင်းပခွင့်ရရှိခြင်းဖြစ်သည်။
နောက်ဆုံးအဆင့် အုပ်စုပွဲများကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းသည် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အား/ကာသိပ္ပံအသင်းသည် ခြေစစ်ပွဲတွင် အုပ်စု (A) ၌ ပါဝင်ခဲ့ပြီး ဂူအမ်ကလပ် Strykers အသင်းကို ကိုးဂိုးပြတ်၊ မွန်ဂိုလီးယားကလပ် Khovd Western အသင်းကို ရှစ်ဂိုးပြတ်၊ ဖိလစ်ပိုင်ကလပ်လာဂူနာအသင်းကို သုံးဂိုး-တစ်ဂိုးနှင့် အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲရမှတ် ကိုးမှတ်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်ကြီး


