ရန်ကုန် နိုဝင်ဘာ ၁၂
၂၀၂၅-၂၀၂၆ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (C) ဒုတိယ နေ့ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာကလပ် အား/ကာသိပ္ပံအသင်း ရှုံးပွဲဆက်ခဲ့သည်။
မြန်မာကလပ် အား/ကာသိပ္ပံအသင်းသည် ဂျပန်ကလပ် တိုကျိုဗာဒီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ အာရှထိပ်သီးကလပ်များနှင့် တစ်အုပ်စုတည်း ကျရောက်နေသဖြင့် ရုန်းကန်နေရသည့် အား/ကာသိပ္ပံအသင်းသည် ရှုံးပွဲဆက်ခဲ့သော်လည်း ဂျပန်ကလပ်ကို တစ်ဂိုးဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့သဖြင့် ကျေနပ်စရာဖြစ်ခဲ့သည်။
အား/ကာသိပ္ပံအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး မျိုးမြမြငြိမ်း(ဂိုး)၊ မိုးမမစိုး၊ ဖြူဖွေး၊ ဖြူဖြူဝင်း၊ သန်းသန်းနွယ်၊ လင်းမြင့်မိုရ်၊ ရွှေရည်ထွန်း၊ နှင်းပွင့်အေး၊ နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ ဟေမာန်စိုးတို့ကို အသုံးပြုခဲ့သည်။
အား/ကာသိပ္ပံအသင်းသည် ပွဲစကတည်းက ပေးဂိုးနည်းစေရန် ခံစစ်အားပြုကစားခဲ့ပြီး တိုကျိုဗာဒီအသင်းက ဂိုးရရန် ကြိုးပမ်းခဲ့သည်။ ပွဲအစ ၁၃ မိနစ်တွင် တိုကျိုဗာဒီအသင်း အနိုင်ဂိုးရခဲ့ပြီး ဒန်နာလီတန်က သွင်းယူခဲ့ခြင်းဖြစ်သည်။ တိုကျိုဗာဒီအသင်း ဂိုးထပ်မံရရန် ကြိုးပမ်းသော်လည်း အား/ကာသိပ္ပံအသင်း ခံစစ်အမှားမရှိသဖြင့် ဂိုးထပ်မရခြင်းဖြစ်သည်။
ဒုတိယပွဲတွင် မြောက်ကိုရီးယားကလပ် နာဂိုရန်အသင်းက တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ အုပ်စုဒုတိယနေ့အပြီးတွင် ဂျပန်ကလပ် တိုကျိုဗာဒီအသင်းက ခြောက်မှတ်၊ တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းနှင့် မြောက်ကိုရီးယားကလပ် နာဂိုရန်အသင်းက သုံးမှတ်စီရထားပြီး မြန်မာကလပ် အား/ကာသိပ္ပံအသင်းမှာမူ အမှတ်မရသေးပေ။ အား/ကာသိပ္ပံအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် မြောက်ကိုရီးယားကလပ် နာဂိုရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


