ရန်ကုန် စက်တင်ဘာ ၂၄
၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု (H) နောက်ဆုံးနေ့ကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို ရှစ်ဂိုးပြတ်အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ယခုပွဲတွင် ဂိုးမပြတ်ဘဲ အရေးနိမ့်ပါက အကောင်းဆုံး အုပ်စုဒုတိယနေရာရ ထိပ်ဆုံး ခုနစ်သင်းစာရင်းဝင်နိုင်သော်လည်း အရေးနိမ့်ခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး နည်းသွားပြီဖြစ်သည်။ အုပ်စုပွဲစဉ်များအနက် အုပ်စု(D) ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သောကြောင့် ယင်းအုပ်စုပြီးမှသာ ခြေစစ်ပွဲအောင်အသင်း စုံလင်စွာ ထွက်ပေါ်မည်ဖြစ်သည်။
မြန်မာအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသော်လည်း ခြေစွမ်းကွာဟခဲ့ပြီး ပထမပိုင်း မှာပင် ခြောက်ဂိုးအထိ ပေးခဲ့ရကာ ဒုတိယပိုင်းတွင် နှစ်ဂိုးထပ်ပေးခဲ့ရခြင်းဖြစ်သည်။
အုပ်စု (H) ပွဲစဉ်များအပြီးတွင် အာဖဂန်နစ္စတန်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ပြီး မြန်မာအသင်းက သုံးမှတ်၊ မော်လ်ဒိုက်အသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရခဲ့ပေ။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပခဲ့ပြီး ထိပ်ဆုံးရပ်တည်မှုရ ရှစ်သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယနေရာရ ခုနစ်သင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


