ရန်ကုန်    အောက်တိုဘာ     ၁၄

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(E) ပွဲစဉ်(၄)အဖြစ် မြန်မာအသင်းနှင့် ဆီးရီးယားအသင်းတို့ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ဆီးရီးယားအသင်းက သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

ဆီးရီးယားအသင်းသည် မြန်မာအသင်းကို အဝေးကွင်း၌ ထပ်မံအနိုင်ယူပြီး လက်ကျန်နှစ်ပွဲ အလိုမှာပင် ခြေစစ်ပွဲအောင်မြင်သွားခဲ့သည်။ မြန်မာအသင်းနှင့် ဆီးရီးယားအသင်းသည် ခြောက်ရက်အတွင်း နှစ်ပွဲကစားရပြီး မြန်မာအသင်းသည် နှစ်ကျော့စလုံး အရေးနိမ့်သဖြင့် ခြေစစ်ပွဲ အောင်မြင်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမအကျော့ထက် ကစားပုံပိုကောင်းသော်လည်း ပွဲပြီးခါနီးတွင်    ဂိုးများဆက်တိုက်ပေးလိုက်ရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ဆန်းဆက်နိုင် (ဂိုး)၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ သီဟထက်အောင်၊    ခွန်ကျော်ဇင်ဟိန်း၊ ကျော်မင်းဦး၊ နန္ဒကျော်၊  မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ လွင်မိုးအောင်၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။ ပထမအကျော့က   ခံစစ်ကစားပုံ   အမှားများခဲ့သည့် မြန်မာအသင်းသည် ယခုပွဲတွင် အမှားနည်းခဲ့ပြီး ပထမပိုင်းတွင် ဆီးရီးယားတိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းသည် ထိရောက်သည့် ဂိုးသွင်းခွင့်မရဘဲ ဒုတိယပိုင်းတွင် ဝင်းနိုင်ထွန်းဝင်လာမှ တိုက်စစ်ကစားပုံ ပိုကောင်းလာခြင်းဖြစ်သည်။ ဆီးရီးယားအသင်းသည် မိနစ် ၇၀ ကျော်အထိ ဂိုးသွင်းခွင့်များ အသုံးမချနိုင်သော်လည်း  ၇၉  မိနစ်တွင်  အဖွင့်ဂိုးရပြီးနောက် ဂိုးများဆက်တိုက် ရခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားအသင်းအတွက်   အနိုင်ဂိုးများကို   ၇၉၊   ၈၅  မိနစ်တွင် ဆာဘတ်၊ ၈၇ မိနစ်တွင် အယ်ဆာခါဒီက သွင်းယူခဲ့သည်။

အုပ်စု (E)တွင်    ဆီးရီးယားအသင်းက လေးပွဲကစား   ၁၂  မှတ်၊   မြန်မာအသင်းက လေးပွဲကစား   ခြောက်မှတ်ရရှိထားသည်။ လက်ကျန်နှစ်ပွဲတွင် မြန်မာအသင်းက အနိုင်ရပြီး ဆီးရီးယားအသင်းက နှစ်ပွဲစလုံး အရေးနိမ့်သည့်တိုင်  နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရထားသည့်  ဆီးရီးယားအသင်းက ခြေစစ်ပွဲအောင်မြင်ရန် သေချာခဲ့ခြင်းဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်