ရန်ကုန် နိုဝင်ဘာ ၂၈
၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (G) စတုတ္ထနေ့ကို ယနေ့တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက အိုမန်အသင်းကို နှစ်ဂိုးပြတ် အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာသည်။
မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အရေးပါသည့်ပွဲတွင် အိုမန်ကို အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။ မြန်မာ ယူ-၁၇ အသင်းသည် တစ်ပွဲထက်တစ်ပွဲ ပိုကောင်းသည့်ခြေစွမ်းကို ပြသနိုင်ခဲ့သလို ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် နိုင်လိုစိတ်ပြင်းပြမှုမှာလည်း အမြင့်ဆုံးရောက်ရှိခဲ့သဖြင့် သုံးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်ခဲ့ပြီး အိုမန်အသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းကစားပုံမှာ ယခုပွဲတွင် အမှားနည်း သလို အိုမန်အသင်းကို အပြန်အလှန်ရင်ဆိုင်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးသွင်းယူနိုင်သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခံရသဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းကစားပုံ ပိုကောင်းလာပြီး ၆၃ မိနစ်တွင် အသင်းခေါင်းဆောင် အောင်သီဟက အဝေးကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ မြန်မာအသင်းကစားပုံပိုကောင်းလာပြီး လေးမိနစ်အကြာတွင် ညီညီသန့်က အနိုင်သေချာစေမည့် ဒုတိယဂိုးသွင်းယူခဲ့သည်။
မြန်မာအသင်းသည် သုံးပွဲကစား သုံးပွဲစလုံး အနိုင်ရရှိကာ ရမှတ်ကိုးမှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်နေပြီး နောက်ဆုံးပွဲတွင် သရေတစ်မှတ်ရရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၃၀ ရက် ညနေ ၄ နာရီတွင် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်


