နေပြည်တော် ဩဂုတ် ၁၁
၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(G)တွင် ကျရောက်နေသည်။
ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၃၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ခြောက်သင်း သုံးအုပ်စုနှင့် ငါးသင်း လေးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် နောက်ဆုံးအဆင့်တွင် အိမ်ရှင်ဆော်ဒီအာရေဗျ အပါအဝင် လက်ရှိချန်ပီယံ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ယူအေအီး၊ အင်ဒိုနီးရှားနှင့် ကာတာအသင်း စုစုပေါင်း ကိုးသင်းကို ခြေစစ်ပွဲကန်စရာမလိုဘဲ တိုက်ရိုက်ကစားခွင့်ပြုထားသည်။ ခြေစစ်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ပါဝင်သော အုပ်စု (G) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် တရုတ် (အိမ်ရှင်)၊ ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ ဘရူနိုင်း၊ တီမော၊ သီရိလင်္ကာ၊ အုပ်စု (B) တွင် ယီမင်၊ လာအို၊ ကာဂျစ္စတန်(အိမ်ရှင်)၊ ကမ္ဘောဒီးယား၊ ဂူအမ်၊ ပါကစ္စတန်၊ အုပ်စု (C) တွင် ဗီယက်နမ်(အိမ်ရှင်)၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ မြောက်မာရီယာနာ ကျွန်းစု၊ မကာအို၊ အုပ်စု (D) တွင် အီရန်၊ အိန္ဒိယ(အိမ်ရှင်)၊ ပါလက်စတိုင်း၊ တရုတ်(တိုင်ပေ)၊ လက်ဘနွန်၊ အုပ်စု (E) တွင် ဩစတြေးလျ၊ အီရတ်၊ ဖိလစ်ပိုင်၊ ဂျော်ဒန်(အိမ်ရှင်)၊ ဘူတန်၊ အုပ်စု (F) တွင် ထိုင်း(အိမ်ရှင်)၊ ကူဝိတ်၊ တာ့ခ်မင်နစ္စတန်၊ မွန်ဂိုလီးယား၊ မော်လ်ဒိုက်၊ အုပ်စု (G) တွင် အိုမန်၊ အာဖဂန်နစ္စတန်၊ မြန်မာ(အိမ်ရှင်)၊ ဆီးရီးယား၊ နီပေါအသင်းတို့ ပါဝင်နေသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL


