ရန်ကုန်   ဩဂုတ်   ၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) ပထမနေ့ကို ဩဂုတ် ၆  ရက်တွင်  စတင်ကျင်းပမည်ဖြစ်သည်။ ပထမနေ့အဖြစ် ဩဂုတ် ၆ ရက် ညနေ ၄ နာရီတွင် အိမ်ရှင် မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊  ည ၇ နာရီတွင် အိန္ဒိယအသင်းနှင့်  အင်ဒိုနီးရှားအသင်းတို့ သု၀ဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ခြေစစ်ပွဲ    အုပ်စု(D)   ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၅  ရက်က   ရန်ကုန်မြို့  သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ အိမ်ရှင်မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့မှ နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်သည်။

မြန်မာ ယူ-၂၀ အမျိုးသမီး အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြုပြင်   တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ် လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း လာရောက်အားပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောကြားသည်။

အိန္ဒိယအသင်းနည်းပြချုပ်   အလက်ဇန်ဒါဇန်က   “ကျွန်တော်တို့ အနေနဲ့ ဒီပွဲအတွက် နှစ်လလောက် အချိန်ယူပြင်ဆင်ခဲ့ပါတယ်။ ခြေစစ်ပွဲအောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်။  ခက်ခဲမယ်ဆိုတာတော့ သိပါတယ်။ အဲဒီအတွက်လည်း အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်”ဟု ပြောကြား သည်။

တာ့ခ်မင်နစ္စတန်အသင်းနည်းပြချုပ် ဘောရစ်က  “ဒါက ကျွန်တော်တို့အတွက် ဒုတိယအကြိမ်အဖြစ် လာရောက်ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ကျွန်တော် တို့မှာ ပြီးခဲ့တဲ့ စီနီယာလက်ရွေးစင်အသင်း ခြေစစ်ပွဲတုန်းက ကစားသမားအများစုက အခု ယူ-၂၀ အသင်းမှာ ပြန်လည်ပါဝင်နေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့ လူငယ်အသင်းက ခြေစွမ်း တောင့်တင်းမှုပိုင်းနဲ့ ကစားပုံသိပ်မကွာဘူးလို့ ယူဆပါတယ်။  ကျွန်တော်တို့အနေနဲ့ စီနီယာအသင်းနဲ့ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် ဒီပွဲမှာ ခံစစ်ပိုင်းကို သေချာပြင်ဆင်ပြီး အာရုံစိုက်ကစားရင် ရလဒ်ကောင်းရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

အင်ဒိုနီးရှားအသင်းနည်းပြချုပ် ဟီဂါရှီယာမာက အိမ်ရှင်မြန်မာအသင်းနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့ အာဆီယံပွဲမှာ ဆုံခဲ့ပြီးပြီဖြစ်လို့ မြန်မာအသင်းအကြောင်းလည်း သိထားပါတယ်။  ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မနက်ဖြန်မှာ ရင်ဆိုင်ရမယ့် အိန္ဒိယနဲ့ ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်”ဟု ပြောကြားသည်။

သော်လေး၊ ဓာတ်ပုံ-MFF